ငြိမ်းချမ်းရေး ကော်မရှင် ဝ နဲ့ မိုင်းလား သွားပြီး ဆွေးနွေးဖို့ရှိ

 ငြိမ်းချမ်းရေး ကော်မရှင်နဲ့ အထူးဒေသ(၄)မိုင်းလား အဖွဲ့နဲ့ ၂၀၁၆ သြဂုတ်လမှာ တွေ့ဆုံခဲ့စဉ်
အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်ဟာ လာမဲ့ အပတ်အတွင်း ဝ နဲ့ မိုင်းလား ဒေသတွေကို သွားရောက်ပြီး ဝ မိုင်းလား တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ရှိနေပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မြောက်ပိုင်း တိုင်းရင်းသားအဖွဲ့တွေရဲ့ ဦးဆောင်အဖွဲ့ဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ ဆွေးနွေးမှာဖြစ်ပေမဲ့ ဝ က ဦးဆောင်နေတဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ကိုတော့ တရားဝင် အသိမှတ်ပြုဆွေးနွေးမှာမဟုတ်ဘူးလို့ ငြိမ်းချမ်းရေး ကော်မရှင် က တာဝန်ရှိသူတွေက ပြောပါတယ်။

ဝနယ်မြေ ပန်ဆန်းနဲ့ မိုင်းလားမှာ ပြုလုပ်ခဲ့ ဆွေးနွေးမှုဟာ ၂၁ ပင်လုံ ဒုတိယ အကြိမ်ကို ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ မိုင်းလား NDAA တို့ လာတက်ပြီးနောက် အစိုးရနဲ့ တဖွဲ့ချင်းစီအလိုက် ဆွေးနွေးမဲ့ ဆွေးနွေးပွဲလည်းဖြစ်ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နောက်ပိုင်းက စလို့ ဝ နဲ့ မိုင်းလား နယ်မြေတွေမှာ အစိုးရနဲ့ ဝ မိုင်းလား တာဝန်ရှိသူတွေအကြား ဆွေးနွေးဖို့ ရှိတယ်လို့ နှစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ ခုနှစ်ဖွဲ့နဲ့ ရယ်လို့ မတွေ့ဘဲ အခြေအနေပေါ် မူတည်ပြီး ကျန်တာတွေကို တွေ့ဖို့ အစီအစဉ် ရှိကြောင်း ၊ မြန်မာ့ ငြိမ်းချမ်းရေး က NCA လမ်းကြောင်း အတိုင်း သွားမှာ ဖြစ်ပြီး ဒီ NCA ဆိုတာကလည်း တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့က ဉီးဆောင်လို့ အရင် အစိုးရ လက်ထက်မှာ တပ်မတော်နဲ့ ရေးဆွဲခဲ့ကြတာ ဖြစ်ကြောင်းနဲ့ ဒါကို ပြင်ချင် ပြုချင်ရင်တောင် အထဲဝင် ပြင်ပြီး မကျေနပ်ရင် ပြန်ထွက်လို့ ရတဲ့ အခြေအနေထိ လိုက်လျော ဆွေးနွေးထားခဲ့တယ်လို့ ငြိမ်းချမ်းရေးကော်မရှင် က ဦးအောင်စိုး က ပြောပါတယ်။

အစိုးရဘက်ကတော့ ဘာတွေ ဆွေးနွေးမယ်ဆိုတာကို ဒီရက်ပိုင်းအတွင်း အစိုးရနဲ့ တပ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးရဦးမှာဖြစ်တယ်လို့ ဦးအောင်စိုးက ဆို ပါတယ်။

အစိုးရဘက်ကတော့ အန်စီအေ အပစ်ရပ် လမ်းကြောင်းအတိုင်းသာ ဆက်သွားပြီး အန်စီအေ လက်မှတ်ထိုးပြီးမှာသာ နိုင်ငံရေးဆွေးနွေးမှုတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ပါဝင်စေဖို့ဆိုတဲ့ မူကို ဆက်လက်ကိုင်စွဲနေဆဲဖြစ်တယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်ဘက်ကပြောပါတယ်။

ဝ က ဦးဆောင်ပြီးဖွဲ့ထားတဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကတော့ လက်ရှိကျင့်သုံးနေတဲ့ အန်စီအေ အပစ်ရပ်စာချုပ်ထက် ပိုမိုခိုင်မာတဲ့ မူကိုအလိုရှိနေတာဖြစ်ပါတယ်။

လာမဲ့ အပတ်အတွင်း ဝ ဒေသပန်ဆန်းနဲ့ မိုင်းလားမြို့တွေမှာ ကျင်းပမဲ့ ဆွေးနွေးမှုတွေမှာ တဖွဲ့ချင်းစီရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုသာ ဆွေးနွေးဖွယ်ရှိတယ်လို့ နီးစပ်သူတွေကဆိုပါတယ်။ ဝ နဲ့ မိုင်းလားတို့ဟာ စစ်အစိုးရလက်ထက်ကတည်းက အပစ်ရပ်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း ၂၀ ကျော်အတွင်း အစိုးရစစ်တပ်နဲ့ တိုက်ပွဲဖြစ်တာ မရှိခဲ့ပါဘူး။

ဝ ၊ မိုင်းလား နဲ့ပဲ သီးခြားဆွေးနွေးပြီး အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေဖြစ်တဲ့ ကေအိုင်အို ၊ တအာင်းပလောင် ၊ ကိုးကန့်တို့ ပါဝင်တဲ့ မြောက်ပိုင်း FPNCC နဲ့ မဆွေးနွေးဘူးဆိုရင် အပစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် အဖြေထွက်နိုင်မှာ မဟုတ်ဘူးလို့ FPNCC အဖွဲ့ဝင် တအာင်းပလောင်အမျိုးသား တပ်ဖွဲ့မှ ဒုတိယဥက္ကဌ တာဂျူတ်ဂျားက ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး ကတော့ ပိုပြီး ဝေးနေအုံးမယ့် အနေအထား ရှိပြီး မြောက်ပိုင်း ခုနှစ်ဖွဲ့ ကို အစိုးရက လက်ခံ မခံ ကိစ္စကို အသာထား ၊ အရင်ဆုံး တွေ့ဆုံ ဆွေးနွေးဖို့ လုပ်သင့်တယ်လို့ တာဂျုတ်ဂျားက ဆိုပါတယ်။

အစိုးရဘက်က သီးသန့် ဆွေးနွေးမယ်ဆိုထားတဲ့ တအာင်းပလောင် ၊ ကိုးကန့် MNDAA နဲ့ အေအေ ရခိုင့်တပ်မတော်တို့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တန်းတူပါဝင်ခွင့်အတွက် ယခင်အစိုးရလက်ထက်ကတည်းက ကန့်သတ်ခံထားရတာပါ။

အဲဒီလို လက်မှတ်မထိုးနိုင်သေးတဲ့ အဖွဲ့တွေများနေတဲ့အတွက် လာမဲ့ ဒီဇင်ဘာလအတွင်းကျင်းပဖို့ စီစဉ်ထားတဲ့ ၂၁ ပင်လုံ တတိယအကြိမ်မြောက် ညီလာခံကျင်းပနိုင်ရေးအတွက် အခက်အခဲတွေရှိနိုင်တယ်လို့ တိုင်းရင်းသား အင်အားစုတွေဘက်က သုံးသပ်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
ငြိမ်းချမ်းရေး ကော်မရှင် ဝ နဲ့ မိုင်းလား သွားပြီး ဆွေးနွေးဖို့ရှိ ငြိမ်းချမ်းရေး ကော်မရှင် ဝ နဲ့ မိုင်းလား သွားပြီး ဆွေးနွေးဖို့ရှိ Reviewed by THITHTOOLWIN on 06:26 Rating: 5
Powered by Blogger.