မြေကျွံမှုကြောင့် ပုပ္ပါးတောင်ကလပ်အနီး လက်ရှိနေထိုင်နေသူတွေ ပြောင်းရွှေ့ဖို့ ပညာရှင်တွေပြော

ပုပ္ပား​တောင်​ကလပ်​ အဆင်းလမ်းတွင် မြေသားများ အက်ကွဲနေသည်ကို တွေ့ရစဉ်။ Photo: Pyae Phyo Win's facebook
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ကလပ်မှာ မြေကျွံမှုဖြစ်ပွားခဲ့တာကြောင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံပညာရှင်တွေ ဒီကနေ့ သွားရောက်စစ်ဆေးပြီး အဲဒီနေရာမှာရှိတဲ့ လူတွေအားလုံး ရွှေ့ပြောင်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပုပ္ပါးတောင်ကလပ်မြေနေရာဟာ တဖြည်းဖြည်းချင်း နိမ့်ကျသွားမှာ သေချာနေတာကြောင့် အားလုံးကို မြန်မာနိုင်ငံ ဘူမိသိပ္ပံပညာရှင်တွေက ရွှေ့ပြောင်းစေချင်တယ်လို့ ပြောကြောင်း စစ်ဆေးရာမှာ လိုက်ပါသွားခဲ့တဲ့ ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင် က ပြောပါတယ်။

"ဘူမိဗေဒပညာရှင်တွေက လုံးဝနိမ့်ကျမှာသေချာတယ်လို့ ဒီနေ့ သုံးသပ်တယ်၊ ဖြည်းဖြည်းချင်းဖြစ်မှာတဲ့၊ သူတို့ပြောတာ၊ တောင်ကလပ်မြေနေရာမှာရှိတဲ့ အဆောက်အဦးတွေက အရင်တုန်းက မရှိဘူးပေါ့၊ အခုကျတော့ အဆောက်အဦအများကြီးဆောက်တော့ ၀န်ကိုခံနိုင်မှုမရှိဘူးပေါ့၊ ပြိုမှာပဲတဲ့၊ အားလုံး ရွှေ့စေချင်တယ်တဲ့၊ မိုးရွာရင် မြန်မယ်တဲ့၊ မိုးမရွာရင် ဖြည်းဖြည်းချင်းဖြစ်မှာတဲ့"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီး အောင်သိဒ္ဓိကုန်းမှာရှိတဲ့ ဆိုင်ခန်းနဲ့ နေအိမ် ၁၀၀ လောက်မှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာတာဖြစ်ပြီး တောင်တက်ကားလမ်းမှာလည်း မြေအက်ကွဲကြောင်းတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

မြေအက်ကွဲကြောင်းတွေဖြစ်ပေါ်နေတဲ့ အောင်သိဒ္ဓိကုန်းအနီးအထိကိုသာ ကားတွေတက်ခွင့်ပြုပြီး ပုပ္ပါးတောင် ကလပ်ကို လာရောက်မယ့်သူတွေအနေနဲ့ အောင်သိဒ္ဓိကုန်းရဲ့ မြောက်ဘက်မှာ ကားတွေထားခဲ့ရပြီး လမ်းဆင်းလျှောက်ခိုင်းထားတယ်လို့ သိရပါတယ်။

ပုပ္ပါးတောင်ကလပ်မှာ ဘုန်းကြီးကျောင်း ၁၈ ကျောင်း၊ အိမ်ခြေ ၂၂၀ နဲ့ လူဦးရေ ၉၀၀ နီးပါးရှိတဲ့အပြင် ကျူးကျော်နေထိုင်နေသူတွေလည်း ရှိနေတယ်လို့ ဦးအေးခိုင် က ပြောပါတယ်။

အဲဒီထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာဆိုရင် အက်ကွဲနေတာကြောင့် ဘယ်သူမှ နေထိုင်ခွင့်မပေးတော့ဘူး လို့လည်း ပြောပါတယ်။

ဒီနေ့ သွားရောက်စစ်ဆေးရာမှာ မြန်မာနိုင်ငံ ဘူမိသိပ္ပံပညာရှင်တွေအပြင် ဆောက်လုပ်ရေးနဲ့ စည်ပင်သာယာရေး ဘက်က တာဝန်ရှိသူတွေနဲ့ ပုပ္ပါးတောင်ချစ်သူများအသင်းလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြေကျွံမှုကြောင့် ပုပ္ပါးတောင်ကလပ်အနီး လက်ရှိနေထိုင်နေသူတွေ ပြောင်းရွှေ့ဖို့ ပညာရှင်တွေပြော မြေကျွံမှုကြောင့် ပုပ္ပါးတောင်ကလပ်အနီး လက်ရှိနေထိုင်နေသူတွေ ပြောင်းရွှေ့ဖို့ ပညာရှင်တွေပြော Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.