အက်ဆေးစာပေ နာမည်ကျော် စာရေးဆရာ တက္ကသိုလ်ဝင်းမွန် ( ခေါ် ) အောင်ခန့်ကွယ်လွန်

ဆရာကြီး တက္ကသိုလ်ဝင်းမွန်ဟာ တက်သစ်စစာရေးဆရာလူငယ်တွေကို အားပေးသလို သားသမီးတွေကိုလည်း စာရေးဖို့ အမြဲတိုက်တွန်းခဲ့တယ်
ဘာသာပြန်စာပေနဲ့ အက်ဆေးအမျိုးအစားစာပေတွေမှာ နာမည်ကြီးခဲ့တဲ့ စာရေးဆရာ၊ အငြိမ်းစား မြန်မာစာတွဲဖက်ပါမောက္ခ တက္ကသိုလ်ဝင်းမွန်ခေါ် စာရေးဆရာ အောင်ခန့် အသက် ၇၉ နှစ်ဟာ အောက်တိုဘာလ ၁၀ ရက်နေ့က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

၁၉၆၀ နောက်ပိုင်းမှာ လူငယ်ဖတ် ဘာသာပြန်ဝတ္တုတွေနဲ့ မြန်မာစာ အက်ဆေးတွေ ရေးသားခဲ့ပြီး အလယ်တန်း ကျောင်းသုံးစကားပြေမှာ ပြဌာန်းဖူးတဲ့ ဆားဒယ်ဆိုတဲ့ အက်ဆေးရဲ့ ပိုင်ရှင် ဆရာကြီး တက္ကသိုလ်ဝင်းမွန်ဟာ သူ့ရဲ့ရန်ကုန် စမ်းချောင်းက နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဆေးရုံက ဆင်းလာပြီး အိမ်မှာ တပတ်ပဲခံတယ်။ သွေးအဖြေဆီးအဖြေတွေက ကောင်းနေရဲ့သားနဲ့ ရုတ်တရက်ဖြစ်တာပါ။ လို့ ဆရာရဲ့ သားဖြစ်သူ ကိုရဲမွန်က ပြောပါတယ်။

ဆရာကြီး တက္ကသိုလ်ဝင်းမွန်ဟာ တက်သစ်စစာရေးဆရာလူငယ်တွေကို အားပေးသလို သားသမီးတွေကိုလည်း စာရေးဖို့ အမြဲတိုက်တွန်းခဲ့တယ်လို့လည်း ဆရာရဲ့သား ကိုရဲမွန်က ဆိုပါတယ်။ ဆရာဟာ လူငယ်ကြိုက် လျို့ဝက်သည်းဖို မှော်ဆန်တဲ့ စွန့်စားခန်း အင်္ဂလိပ်ဝတ္တု ၁၈ အုပ်လောက်ကို အောင်ခန့်နာမည်နဲ့ ဘာသာပြန်ရေးခဲ့ပြီး ၁၉၆၈ ခုနှစ်မှာ ရဲသွေးနီနီဆိုတဲ့ ဘာသာပြန်ဝတ္တုနဲ့ အမျိုးသား စာပေဆုရခဲ့ပြီး ၁၉၆၉ ခုနှစ်မှာတော့ ခေတ်သစ်ကဗျာမိတ်ဖွဲ့ဆိုတဲ့စာအုပ်ကို တက္ကသိုလ်ဝင်းမွန်ကလောင်နာမည်နဲ့ အမျိုးသားစာပဒေသာစုကို ရခဲ့ပါတယ်။

ကျွန်တော်က သူ့ကို မြန်မာစာဌာနမှာ ပညာရှင်အနေနဲ့လည်းပါတယ်။ ဒေါက်တာဘွဲ့ပေးဖို့ ကော်မတီတွေမှာလည်း တက်တက်ကြွကြွပါဝင်နေတယ်။ စိတ်နေစိတ်ထားကောင်းတယ်။ မာန်မာန မရှိဘူး။ ကံ့ကော်မြိုင်စာတမ်းဆိုတာ နာမည်ကြီးပဲ။ အဲဒီစာတမ်းနဲ့ မြန်မာစာပေလောကမှာ သူ့ကို ကျော်ဖို့ ခက်ပါတယ်။ အက်ဆေးကို ပြောရမယ်ဆိုရင် ဆရာဦးဝင်းမွန်ရဲ့ ဆားဒယ်ကို ချန်လို့မရနိုင်ဘူး။ သူကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ စာရေးဆရာ မောင်သာချိုက ပြောပါတယ်။

ဆရာဦးဝင်းမွန်ကို ၁၉၃၉ ခုနှစ်က ပဲခူးတိုင်း ကမာစဲရွာမှာ မွေးဖွားခဲ့ပြီး ၁၉၆၀ မှာ ဝိဇ္ဖာဘွဲ ၁၉၇၀ မှာ မဟာဘွဲ့ရခဲပါတယ်။ ဘွဲ့ရပြီးကတည်းက မော်လမြိုင်ကောလိပ်မှာ အလုပ်စဝင်ပြီးနောက်ပိုင် ၇န်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာ နည်းပြဆရာဘဝနဲ့လုပ်ခြဲ့ပီး ၁၉၉၉ ခုနှစ်မှာ တွဲဖက်ပါမောက္ခဘဝနဲ့ အငြိမ်းစားယူခဲ့တာပါ။ ၁၉၈၈ အရေးခင်းကာလမှာ သူ့ရဲ့သားကြီး ပဉ္စမနှစ် စက်မှုတက္ကသိုလ်ကျောင်းသား သေနတ်နဲ့ ပစ်ခံရပြီးနောက် တက္ကသိုလ်ဆရာတွေနဲ့အတူ နိုင်ငံရေးမှာ တက်တက်ကြွကြွနဲ့ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၁၅ မှာတော့ တသက်တာ အမျိုးသား စာပေဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဆရာကွယ်လွန်ချိန်မှာ သား ၃ယောက် သမီးတယောက်ကျန်ခဲ့ပြီး ဆရာရဲ့ကြွင်းကျန်တဲ့ ရုပ်ကလပ်ကို အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ၃နာရီ ထိမ်ပင်သုဿာန်မှာ သဂြိုလ်မယ်လို့သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
အက်ဆေးစာပေ နာမည်ကျော် စာရေးဆရာ တက္ကသိုလ်ဝင်းမွန် ( ခေါ် ) အောင်ခန့်ကွယ်လွန် အက်ဆေးစာပေ နာမည်ကျော် စာရေးဆရာ တက္ကသိုလ်ဝင်းမွန် ( ခေါ် ) အောင်ခန့်ကွယ်လွန် Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.