အာနန္ဒာဘုရားအဝင်ကွန်ကရစ်လမ်းခင်းမှု ဒေသခံတွေ ကန့်ကွက်

 ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေက အထင်ကရ ဖြစ်တဲ့ အာနန္ဒာဘုရားရဲ့ တောင်ဘက်အဝင်လမ်းကို ကွန်ကရစ်လမ်းခင်းနေ
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေက အထင်ကရ ဖြစ်တဲ့ အာနန္ဒာဘုရားရဲ့ တောင်ဘက်အဝင်လမ်းကို ကွန်ကရစ်လမ်းခင်းနေတာကြောင့် ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။

ဒေသခံတွေက အောက်တိုဘာ ၁၆ရက် နေ့မှာ ဘုရားဂေါပကအဖွဲ့ကို သွားရောက် တွေ့ဆုံမေးမြန်းပြီး ကန့်ကွက်ခဲ့ကြတာပါ။

ဒေသခံတွေရဲ့ အမြင်မှာ ဒီဟာကို ကျယ်ကျယ်ပြန့်ပြန့်သိလာတော့ ဒါကို ဒေသခံတွေက သိပ်လက်မခံချင်ကြဘူး။ ပုဂံဒေသကလည်း ကမ္ဘာ့အမွေအနှစ်စာရင်းတင်ထားတော့ ဒီလို ကွန်ကရစ်လမ်းခင်းတာတွေက ကသိကအောက်များဖြစ်လာနိုင်မလားဆိုပြီးတော့လည်း ဖြစ်ကြတဲ့အတွက် သွားကန့်ကွက်ကြတာဖြစ်တယ်လို့ ပုဂံဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ဥက္ကဌလည်း ဖြစ်သူ ဦးခင်မောင်နုက ဒေသခံတွေရဲ့ဘီဘီစီကို ပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ လုပ်ဆောင်နေတာဟာ အခုဆိုရင် ပထမမူကြမ်းတင်ပြီးသွားတဲ့အဆင့်ကိုရောက်နေပါပြီ။ လာမဲ့နှစ် ဖေဖော်ဝါရီလဆန်း အတွင်းမှာ အပြီးသတ် တင်သွင်းနိုင်ဖို့ လည်း လုပ်ဆောင်နေပါတယ်။

UNESCO ရဲ့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းမှု စံနှုန်းအရတော့ ရှေးဟောင်းအဆောက်အအုံရဲ့ ပတ်ဝန်းကျင်မှာ ဒီလို ကွန်ကရစ်လမ်းတွေ ဖောက်ဖို့ ခွင့်မပြုဘူးလို့ ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်တဲ့ နော်မီနေးရှင်းဒေါ်ဖီရာ ရဲ့ အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူဒေါက်တာသိန်းလွင်က ဘီဘီစီကို ပြောပါတယ်။ ဒီလိုလုပ်ရပ်ကြောင့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖို့ အခက်တွေ့စေနိုင်သလို ကွန်ကရစ်လမ်းပေါ် ကားကြီးတွေ ပေးဖြတ်မယ်ဆိုရင်လည်း တုန်ခါမှုတွေ ပိုမိုများပြားလာလိမ့်မယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

ပုဂံဒေသဟာ ကမ္ဘာ့အမွေအနှစ်(ယူနက်စကို)စာရင်းဝင်နိုင်ဖို့ ၁၉၉၆ ခုနှစ်မှာ တစ်ကြိမ် ကြိုးစားခဲ့ပေမဲ့လည်း ငြင်းပယ်ခံခဲ့ရဖူးပါတယ်။

ကွန်ကရစ်ခင်းတဲ့ကိစ္စဟာ ခရိုင်အုပ်ချုပ်ရေးဘက်ကလုပ်တာဖြစ်ပြီး ဌာနအနေနဲ့ မသိတဲ့အတွက် ဖြစ်သွား ရတာလို့ ပုဂံယဉ်ကျေးမှုဒေသရဲ့ ရှေးဟောင်း သုတေသန ဌာန၊ ပုဂံဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ဖြစ်သူ ဦးအောင်ကျော်ကျော်က ဘီဘီစီကို ပြောပါတယ်။

ပြန်လည်ဖယ်ရှားဖို့ ညှိနှိုင်းထားပြီးဖြစ်တယ်လို့ ဦးအောင်ကျော်ကျော်က ပြောပါတယ်။

ပုဂံယဉ်ကျေးမှုဒေသမှာရှိတဲ့ စေတီပုထိုးတွေကို မဆင်မခြင်ထုံးသုတ်ခဲ့တာတွေကြောင့်လည်း ရှေးခေတ် လက်ရာ နံရံဆေးရေးပန်းချီ တွေကွယ်ပျောက်ခဲ့ရပါတယ်။ ဒါကို အိန္ဒိယနိုင်ငံရဲ့ အကူညီနဲ့ အတွင်းက ထုံးရည်သုတ်ထားတာတွေကို ပြန်လည်ဖယ်ရှားရာမှာတော့ အမေရိကန်ဒေါ်လာ ၃သန်းဝန်းကျင် ကုန်ကျ ခဲ့တယ်လို့သိရပါတယ်။

ဒီလို ပုဂံယဉ်ကျေးမှုဒေသက အမွေအနှစ်လက်ရာတွေကို မဆင်မခြင်ပြုလုပ်တာတွေကြောင့် ရှေးလက်ရာ အများအပြားကိုဆုံးရှုံးခဲ့ရဖူးသလို အချိန်မီမထိန်းသိမ်းနိုင်ရင် နောက်ထပ် ဆုံးရှုံးမှု တွေဖြစ်လာမှာကိုလည်း ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြတယ် လို့သိရပါတယ်။

အာနန္ဒာ ဘုရားဟာ ပုဂံဒေသရဲ့ အထင်ကရ ဘုရားပုထိုးတွေထဲမှာ အနုစိတ်လက်ရာ အကျော်ကြားဆုံး ဘုရားတဆူ လည်းဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အာနန္ဒာဘုရားအဝင်ကွန်ကရစ်လမ်းခင်းမှု ဒေသခံတွေ ကန့်ကွက် အာနန္ဒာဘုရားအဝင်ကွန်ကရစ်လမ်းခင်းမှု ဒေသခံတွေ ကန့်ကွက် Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.