၂၀၁၇ ခုနှစ်၊အောက်တိုဘာလ ၄ ရက်နေ့ ၂၁၃၀ အချိန်ခန့် တွင် ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ စုပေါင်းစစ်ဆေးရေးဂိတ်၌ တီးတိန်ဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ ပေါက်ကွဲစေသည့် အမှတ်(၈)မီးရှို့စနက်တံ အချောင်း (၁၀,၀၀၀) ဖမ်းဆီးရမိကြောင်း သိရပါသည်။
လားလွန်းစန်းအာ၊ (၂၅)နှစ်၊ ကလေးမြို့နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်ပါခရီးသည် မကျိန်ဆမ်းဒိမ့်၊ (၂၁)နှစ်၊ ရိဒ်ခေါဒါမြို့ နေသူပါ(၂)ဦး(ကျား ၁၊မ ၁)တို့ လိုက်ပါစီးနင်းသည့် 8L/×××× ဟိုင်မွှာလ်ဂျစ်ယာဉ်အား စစ်ဆေးရာမှ ဖမ်းဆီးမိခြင်းဖြစ်သည်။
အဆိုပါယာဉ်ပေါ်မှာ သစ်တောထွက်ပစ္စည်းများဖြစ်သော တောင်လုံးကျော်များထည့်ထားသည့် မြွေရေခွံအိတ်(၁၂)အိတ်၊ အိန္ဒိယနိုင်ငံလုပ် စက္ကူဂျပ်ဖာအတွင်းမှ အိန္ဒိယနိုင်ငံထုတ် SOD Special Ordinary Detonator No.8 Strength, DANGER EXPLOSIVE စာတမ်းပါ အလျား(၁.၆)လက်မရှိ အမှတ်(၈) မီးရှို့စနက်တံ(၁၀,၀၀၀)ချောင်းအား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ဖမ်းမိသူတွေကို စစ်မေးရာ ဦးလွယ်သဲ(ခ)သောနေလွယ်၊ (၄၆)နှစ်၊ တာဟန်းရပ်ကွက်နေသူမှ ရိဒ်မြို့(အောက်ချောင်း) ပြည့်အားမာန်ကားဂိတ်၌ တင်ဆောင်ခ စက္ကူဖာ(၁)ဖာအတွက် (၅၀,၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ သစ်တောထွက်ပစ္စည်းအိတ်(၁၂)လုံးအတွက် (၆၀,၀၀၀)ကျပ်ဖြင့် လည်းကောင်း သဘောတူခဲ့ကာ သစ်တောထွက်ပစ္စည်းများမှာ တာဟန်းရပ်ကွက် ကလေးမြို့နေ ယာဉ်ပိုင်ရှင် ဦးစန်းလွင်၏ နေအိမ်တွင် ချထားပေးရမည်ဖြစ်ပြီး စနက်တံများပါ စက္ကူ ဖာအား နေအိမ်မမှတ်မိ တာဟန်းရပ်ကွက်၊ ကလေးမြို့နေအိမ်သို့ ပို့ပေးရမည်ဖြစ်ကာ နေအိမ်ရှေ့ ရောက်ရှိပါက ၎င်း၏ဇနီးမှ လက်ခံမည်ဖြစ်ကို မှာကြားလိုက်ကြောင်းသိရှိသည်။
၂၁၀၀ အချိန်တွင် ပူးပေါင်းအဖွဲ့သည် ဦးလွယ်သဲ (ခ)သောနေလွယ်၏ နေအိမ်အား ဆက်လက်ရှာဖွေရာ ဦးလွယ်သဲ (ခ)သောနေလွယ်၏ဇနီး မအေးအေးမြင့်၊ (၄၂)နှစ်အား တွေ့ရှိပြီးနေအိမ် အားဆက်လက်ရှာဖွေရာ ထူးခြားမှုမရှိခဲ့ပေ။ ထို့နောက် ဆက်လက်စစ်မေးရာ ၎င်းခင်ပွန်းသည် လွန်ခဲ့သော (၂)ပတ်ခန့်က ရိဒ်မြို့သို့ သွားရောက်၍ အိန္ဒိယနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ ဝယ်ယူရန်သွားကြောင်း၊ ၎င်းတို့မိသားစုမှာ ကလေးမြို့မှ တရုတ်နိုင်ငံထုတ် အဝတ်အထည်များအား ရိဒ်မြို့မှ တစ်ဆင့် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ် အိုက်ဇောမြို့သို့ ပို့ဆောင်ရောင်းဝယ်ကြောင်း၊ ယခုဖမ်းဆီးရမိသည့် ပစ္စည်းများနှင့် ပတ်သက်၍ ၎င်းမှ မသိရှိကြောင်း ငြင်းကွယ်ထွက်ဆိုခဲ့သည်။
အောက်တိုဘာလ ၅ ရက်နေ့ ၀၁၃၀ အချိန် လားလွန်းစန်းအာ၊ မအေးအေးမြင့်တို့(၂)ဦး(ဖမ်းမိ)နှင့် ဦးလွယ်သဲ(ခ)သောနေလွယ်(ဖမ်းမမိ)တို့အား ခိုင်ကမ်း နယ်မြေရဲစခန်း(ပ)၂၄/၂၀၁၇၊ ပေါက်ကွဲအက်ပုဒ်မ ၅ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
တီးတိန်မြို့နယ်၌ အမှတ်(၈)မီးရှို့စနက်တံ အချောင်း (၁၀,၀၀၀) ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
18:32
Rating:
