တာချီလိတ်မြို့တွင် အမည်မသိ ဆိုင်ကယ်စီးလာသူမှ ကားမောင်းနေသူအား သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေး


ကားမောင်းနေသူ အမျိုးသားအား ဆိုင်ကယ်မောင်းသူ အမည်မသိသူတို့မှ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှု ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင် အချိန်က မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ လပ်ကီးတည်းခိုခန်းလမ်းပေါ်တွင် သေနတ်ပစ်ခတ်မှုြ့ဖစ်ပွားကြောင်း သတင်းရရှိ၍ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုး အပါအ၀င် တာဝန်ရှိသူများက သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ရာ Fortuner အမျိုးအစား မော်တော်ယာဉ်မှာ အဆိုပါ လမ်းရှိ ခေါက်ဆွဲဆိုင်ရှေ့ အုတ်နံရံအား တိုက်မိကာ ရပ်တန့်နေပြီး ယာဉ်ပေါ်တွင် ရှိနေသည့် ယာဉ်မောင်းသူ အမျိုးသားမှာ ကျည်ဖောက်ဝင် စိုးရိမ်ရ ဒဏ်ရာဖြင့် သတိလစ်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။


ယာဉ်ပေါ်တွင် ဒဏ်ရာရရှိထားသူမှာ အသက်(၃၅)နှစ်ဝန်းကျင်ရှိ ယိမ်းဖာ(ကျား) ဖြစ်ကြောင်း နှင့် ၎င်းသည် လားရှိုးမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မြောင်စီးတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း အပြင် ၎င်းသည် ၀ဲလက်ဖျံ ကျည်ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ပါးရိုးတွင် ကျည်ဖောက်ဝင် ဒဏ်ရာ(၁)ချက်ရာရှိကာ စိုးရိမ်ရသည့် အနေအထားဖြစ်နေပြီး သတိလစ်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒဏ်ရာရရှိသည် ယိမ်းဖာနှင့် ၎င်း၏ ညီဝမ်းကွဲတော်စပ်သူ ယောစိယတို့သည် လွန်ခဲ့သော (၇)ရက်ခန့်က တာချီလိတ်မြို့သို့ ရောက်ရှိပြီး ၀ိန်းကျောက်ဟိုတယ်တွင် တည်းခိုနေရာမှ ယနေ့ အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်တွင် Fortuner အမျိုးအစား မော်တော်ယာဉ်ဖြင့် ၀ိန်းကျောက်ဟိုတယ်မှ ထွက်ခွာလာစဉ် လပ်ကီးတည်းခိုခန်းလမ်းရှေ့ အရောက် လမ်း၏ ၀ဲဘက်ခြမ်းမှ ဆိုင်ကယ်နှင့် အမည်မသိသူ အမျိုးသား(၂)ဦးမှ ကပ်လျက်မောင်းနှင် ကျော်တက်ကာ ဆိုင်ကယ်နောက်မှ ထိုင်လျက်လိုက်ပါလာသူက သေနတ်အတိုဖြင့် (၃/၄)ချက်ခန့် ဆက်တိုက်ပစ်ခတ်သွားပြီး ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးသွားခဲ့ရာမှ ယာဉ်တွင် ပါရှိသူ (၂)ဦးအနက် ယာဉ်မောင်းသူ ယိမ်းဖာတွင် ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်တိုဖြင့် ပစ်ခတ်သွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၂၀၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်းနှင့် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တို့မှ စုံစမ်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - #စိုင်းဇေယျာ
ဓာတ်ပုံ - SSL
Tachileik News Agency
http://www.tachileik.net
တာချီလိတ်မြို့တွင် အမည်မသိ ဆိုင်ကယ်စီးလာသူမှ ကားမောင်းနေသူအား သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေး တာချီလိတ်မြို့တွင် အမည်မသိ ဆိုင်ကယ်စီးလာသူမှ ကားမောင်းနေသူအား သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေး Reviewed by THITHTOOLWIN on 14:02 Rating: 5
Powered by Blogger.