ကရင်နီ ဒုက္ခသည်စခန်း က ဆယ်တန်းလွန်ကျောင်းတချို့ ထောက်ပံ့ကြေး ပြတ်


ထိုင်း မြန်မာနယ်စပ် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့အနီးမှာရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်း ၂ ခုမှာ ပညာသင်ကြားနေတဲ့ ဆယ်တန်းလွန်ကျောင်းတွေကို နိုင်ငံတကာ အလှူရှင်တွေက ထောက်ပံ့မှုတွေ ရပ်တန့်လိုက်ပြီး အခြေခံပညာသင်ကျောင်းတွေကိုလည်း ၅၀ ရာခိုင်နှုန်း ထောက်ပံ့မှု လျှော့ချလိုက်တာကြောင့် စခန်းမှာရှိတဲ့ လူငယ်တွေဟာ ပညာ ဆက်လက်သင်ကြားနိုင်ရေးအတွက် အခက်ကြုံနေပါတယ်။

အဲဒီကျောင်းတွေမှာ ဆယ်တန်း အဆင့် အောင်မြင်ပြီးသွားတဲ့အခါ ထိုင်းနိုင်ငံ အပါအ၀င် နိုင်ငံတကာမှာရှိတဲ့ အဆင့်မြင့်တက္ကသိုလ်တွေမှာ ပညာ ဆက်လက်သင်ကြားနိုင်ပါတယ်။ အခု ဒီ အထက်တန်းလွန်ကျောင်းတွေကို ကူညီထောက်ပံ့မှုတွေ လုံးဝ ရပ်တန့်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး ကရင်နီ ပညာရေးဌာ ရဲ့ Board of Director စောလူ့စီ က RFA ကို အခုလို ပြောပါတယ်။

"အခုလောလောဆယ်မှာ ဆယ်တန်းလွန်ကျောင်းတွေ ဆိုလို့ရှိရင် သူတို့က အကူအညီမပေးတော့ဘူးပေါ့ နော်၊ သူတို့ ကူညီပေးတဲ့ အလှူရှင်တွေက လာမယ့် ၂၀၁၈ ဆိုလို့ရှိရင် မပေးတော့ဘူး ဆိုတဲ့ကျောင်းတွေရှိ တယ်၊ တချို့က ၂၀၁၇ မှာကတည်းက ဖြတ်လိုက်တာတွေရှိတယ်။ ပြီးတော့ တချို့ ကျောင်းတွေကတော့ ၂၀၁၉ အထိပဲပေးမယ် နောက်ပိုင်း ခင်ဗျားတို့ ပြည်တွင်းဝင်မှပဲ ဆက်ပေးမယ် ဆိုတာမျိုးတွေ ပြောလာတာတွေရှိတယ်။ လက်ရှိက ပြည်တွင်းထဲ ပြန်ဝင်ဖို့လည်း ကျောင်းက ရွှေ့ပြန်လို့လည်းမရ ဒုက္ခသည်တွေမှာနေပြီး ကလေးတွေ ဖြစ်တဲ့အခါကြတော့ နောက် ပြည်တွင်းထဲမှာလည်း ပြန်ပြီးတော့ ကျောင်းဆောက်မယ် ဆိုလို့ရှိရင် ခွင့်ပြုချိန်မရဘူးပေါ့ အဲ့လိုမျိုး ဖြစ်တဲ့အခါမှာ အခက်အခဲ ဖြစ်တာပေါ့ဗျား ကျောင်းသူကျောင်းသားတွေလည်း ဘယ်မှသွားပြီးတော့ ဆက်တက်လို့ မရဘူးပေါ့ "

လောလောဆယ်မှာ ကရင်နီဒုက္ခသည်စခန်းက ဦးစီးဖွင့်လှစ်ထားတဲ့ အထက်တန်းလွန်ကျောင်း ၃ ကျောင်းရှိပြီး ကျောင်းသား ကျောင်းသူ ၅၀၀ လောက်ကို ကျေင်းဆရာ ဆရာမ ၄၅ ယောက်က ပညာသင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအထက်တန်းလွန်ကျောင်းတွေအတွက် ကူညီထောက်ပံ့ မှုတွေပေးလာခဲ့ တဲ့ အလှူရှင်တွေက ၂၀၁၃ ခုနှစ်ကစတင်ြ့ပီး အထောက်အပံ့တွေကို လျှော့ချလာခဲ့တာဖြစ်ပြီး အခုလာမည့် ၂၀၁၈ ခုနှစ်ကစလို့ အကူအညီတွေပေးနေတဲ့ ကျောင်းအဆောက်အဦးစားရိတ်၊ ကျောင်းသူကျောင်းသားတွေ နေထိုင်စားသောက် စားရိတ်၊ ကျောင်းဆရာဆရာမ လစာ နဲ့ သင်ထောက်ကူပစ္စည်း ထောက်ပံ့မှုတွေကို လုံးဝ ရပ်တန့်လိုက်တော့ မယ်လို့ ပြောဆိုလာကြတယ်လို့ စောလူ့စီ က ဆက်ပြောပါတယ်။

တဆက်တည်းမှာပဲ ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နဲ့ အမှတ် ၂ မှာ ဖွင့်လှစ်ထားတဲ့ အခြေခံပညာစာသင် ကျောင်းတွေကို ထောက်ပံ့ပေးနေတဲ့ အကူအညီတွေကိုလည်း အခုလာမည့် ၂၀၁၈ - ၂၀၁၉ ပညာသင် နှစ်က စလို့ ထောက်ပံ့မှုတွေကို ၅၀ ရာခိုင်နှုန်း လျော့ချလိုက်ပြီ ဖြစ်တဲ့အတွက် ဆက်လက်ပညာ သင်ကြားနိုင်ရေး အတွက် အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ စောလူ့စီ က ဆက်ပြောပါတယ်။

" ဒီ အခြေခံပညာရေးပိုင်းဆိုရင်တော့ ၁၀ တန်းအထိပေါ့၊ အခြေခံပညာရေး ထောက်ပံ့ပေးတဲ့ အလှူရှင်တွေကလည်း သူတို့ဟာ ထပ်ပြီးတော့ လျှော့ချတော့ အခုလောလောဆယ် ဆိုလို့ရှိရင် ထောက်ပံ့စားရိတ် အကုန်လုံးတွေက ၅၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တယ်ပေါ့။ ၅၀ ရာခိုင်နှုန်းက ကျောင်း ဆရာမ လစာတွေ မရှိတော့ဘူး၊ နောက် ကျောင်းအသုံးအဆောင်ပစ္စည်းတွေ လည်း မရှိတော့ဘူးပေါ့ ၊ ဒါပေမယ့် ကျောင်းသူကျောင်းသားတွေက တစ်နှစ်ပြီးတစ်နှစ် များများလာတယ် သူက နည်းသွားတာ မရှိဘူး အဲ့ဒီအပေါ်မှာ အခက်အခဲ ဖြစ်နေသေးတယ်။ ကျနော်တို့ ပြည်တွင်း ဖက်ကို ရွှေ့မှသာလျင် ဆက်ကူညီမယ်ပေါ့နော်။ ဒါပေမယ့် ပြည်တွင်းထဲမှာက အစိုးရနဲ့ ပေါင်းပြီးတော့ မလုပ်ဘူး အစိုးရ အောက်မှာမ၀င်ဘူးဆိုရင် သူတို့က အထောက်အပံ့မပေးပြန်ဘူးဆိုတော့ KNPP ကလဲ NCA မထိုးထားသေးဘူး လက်မှတ် မထိုးထားသေးတော့ ဘာမှ အကူအညီ မရဘူးပေါ့ ပြည်တွင်းထဲမှာ ရွှေ့ခဲ့မယ် ဆိုရင်တောင်မှ သူတို့က မပေးဘူးပေါ့။ "

လက်ရှိ ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နဲ့ အမှတ် ၂ မှာ မူလတန်းကျောင်း ၁၁ ကျောင်း၊ အလယ်တန်းကျောင်း ၅ ကျောင်း နဲ့ အထက်တန်းကျောင်း ၂ ကျောင်းရှိပြီး ကျောင်းသူကျောင်းသား စုစုပေါင်း ၃၉၀၀ ကျော်ကို ကျောင်း ဆရာဆရာမ ၂၀၀ က ပညာသင်ကြားပေးနေတာ ဖြစ်တယ်လို့လဲ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

ကရင်နီ ဒုက္ခသည်စခန်း က ဆယ်တန်းလွန်ကျောင်းတချို့ ထောက်ပံ့ကြေး ပြတ် ကရင်နီ ဒုက္ခသည်စခန်း က ဆယ်တန်းလွန်ကျောင်းတချို့ ထောက်ပံ့ကြေး ပြတ် Reviewed by THITHTOOLWIN on 05:43 Rating: 5
Powered by Blogger.