မောင်တောမြို့နယ်မှ စိတ်ကြွရူးသွပ်ဆေးပြား(၃)သိန်းကျော် ထပ်မံဖမ်းဆီးရမိ


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကာလတန်ဖိုး ကျပ်သိန်း(၂)သောင်းဝန်းကျင်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက် (၉)သိန်းကျော်ကို ထပ်မံဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ အောက်တိုဘာလ(၁၈)ရက် မနက်ပိုင်းက မောင်တောခရိုင် ဒုတိယရဲမှူးကြီးဥာဏ်ဝင်းဦးဆောင်ပြီး အဖွဲ့ပေါင်းစုံပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဟာ မောင်တောမြို့အ၀င်တံတားဂိတ်မှာ ယာဉ်တွေကို ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ဘူးသီးတောင်မြို့နယ်ကနေ မောင်တောမြို့တွင်းကို မောင်းနှင်လာတဲ့ (NISSAN) အနက်ရောင်ယာဉ်နောက်ခန်းရှိ ကားအံဝှက်အတွင်းက ဆာလာအိတ်(၄)အိတ်ထဲမှာ မှိုင်းခံစက္ကူနဲ့ထုတ်ထားတဲ့(WY/R)စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြားတွေကို ရှာဖွေတွေ့ရှိတာဖြစ် တယ်လို့ သိရပါတယ်။


 စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ တစ်ထုတ်ကို(၉၇၅၀)ပြားစီပါရှိပြီး အထုတ်ရေ(၉၈)ထုတ် ရှိကာ စုစုပေါင်းဆေးပြား(၉၅၅၀၀၀)ကျော်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ (NISSAN)ကားကို ရပ်တန့်စစ်ဆေးနေစဉ်မှာ ယာဉ်မောင်းဖြစ်သူဟာ ထွက်ပြေးသွားခဲ့ပြီး ကားပေါ်လိုက်ပါလာသူ (၂)ဦးကိုတော့ သက်သေခံပစ္စည်းများနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။


 ဖမ်းဆီးရမိတဲ့စိတ်ကြွဆေးပြားတွေဟာ တစ်ပြားကို ကာလတန်ဖိုး(၂၀၀၀) ကျပ်နှုန်းရှိတာကြောင့် ကျပ်သိန်းပေါင်း(၂)သောင်းဝန်းကျင်တန်ဖိုးရှိတာဖြစ်တယ်လို့ သိရပါတယ်။ သက်သေခံပစ္စည်းတွေနဲ့ ဖမ်းဆီးရမိတဲ့သူနှစ်ဦးကိုတော့ မောင်တောမြို့မရဲစခန်းက မူယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

 မောင်တောမြို့မှာ အောက်တိုဘာ(၁၇)ရက်ကလည်းစိတ်ကြွဆေးပြားအရေအတွက် လေးသောင်းရှစ်ထောင်ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကို ရခိုင်ပြည်နယ် စစ်တွေဗျုရိုကစံနုခိုင် ပေးပို့ထားတာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
မောင်တောမြို့နယ်မှ စိတ်ကြွရူးသွပ်ဆေးပြား(၃)သိန်းကျော် ထပ်မံဖမ်းဆီးရမိ မောင်တောမြို့နယ်မှ စိတ်ကြွရူးသွပ်ဆေးပြား(၃)သိန်းကျော် ထပ်မံဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.