ခွင့်မပြုတဲ့ အသုံးအနှုန်း သုံးစွဲတဲ့ ချွန်း ဂျာနယ် တိုင်ကြားခံရ

မတူညီတဲ့ လူမျိုးတွေကြားမှာ သင့်မြတ်စွာ ပေါင်းစည်း နေထိုင်ရေး ကို အထူး အလေး ထားတာသာ ဖြစ်
ပြည်တွင်းမှာ ထုတ်ဝေတဲ့ ချွန်း ဂျာနယ်မှာပါတဲ့ ရခိုင် အရေး သတင်း တွေနဲ့ ဆောင်ပါး တွေမှာ အစိုးရ က ခွင့်မပြုတဲ့ အသုံးအနှုန်းတွေ သုံးစွဲ ခဲ့တာကြောင့် ပုံနှိပ် ထုတ်ဝေရေး ဥပေဒ ပုဒ်မတွေနဲ့ ငြိစွန်းနေတယ်လို့ ဆိုကာ ပြန်ကြားရေး ဝန်ကြီး ဌာန အမြဲ တမ်း အတွင်းဝန် က သတင်း မီဒီယာ ကောင်စီကို တိုင်ကြား ထားပါတယ်။

ချွန်း ဂျာနယ် က သတင်းတွေ ရေးသားရာမှာ ရခိုင်ပြည်နယ် က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း ပါရှိနေတာကြောင့် ဒီ အရေးအသားဟာ အမုန်းတရား ကို ပွားစေနိုင်တာ ကြောင့် အရေး ယူပေးဖို့ တိုင်ကြား ထားတာ ဖြစ်ပါ တယ်။

အခုလို တိုင်ကြားမှု က မှားယွင်းတယ်လို ချွန်း ဂျာနယ် ဘက် က တုန့်ပြန် ပါတယ်။ သူတို့ အနေနဲ့ လူမျိုး တစ်မျိုး ကို ထိခိုက်နစ်နာ စေတဲ့ ရည်ရွယ် ချက်မျိုး မရှိဘဲ နိုင်ငံတကာမှာ ဖော်ပြနေတဲ့ သတင်းတွေကို ဘာသာပြန် ဖော်ပြတာလို့ အယ်ဒီတာချုပ် ကိုကျော်မင်းဉီး က ပြောပါတယ်။

ရိုဟင်ဂျာ သော်လည်းကောင်း၊ ဘင်္ဂါလီသော်လည်းကောင်း၊ ရခိုင် ဒေသက မွတ်ဆလင် သော်လည်းကောင်း ဉီးတည် ရေးသား ခြင်းမျိုး မရှိဘဲ၊ လက်ရှိ ပြည်တွင်း သတင်းဌာန တွေနဲ့ နိုင်ငံတကာ သတင်းဌာန တွေ ဖော်ပြ နေတာတွေကို ထင်ဟပ် ဖော်ပြခဲ့တာလို့ ကိုကျော်မင်းဉီး က ပြောပါတယ်။

ရခိုင် ပဋိပက္ခ နဲ့ ပတ်သက်လို့ ချွန်း ဂျာနယ် အနေနဲ့ ငြိမ်းချမ်းမှု ရှေ့ရှု ပြီး အဲဒီ ဒေသက မတူညီတဲ့ လူမျိုးတွေကြားမှာ သင့်မြတ်စွာ ပေါင်းစည်း နေထိုင်ရေး ကို အထူး အလေး ထားတယ်လို့ သူက ဆိုပါတယ်။

ရခိုင် အရေး နဲ့ ပတ်သက်လို့ အစိုးရ ရဲ့ ထုတ်ပြန် ချက်တွေနဲ့ နိုင်ငံတကာ က ထုတ်ပြန်ချက်တွေမှာ ကွဲလွဲမှုတွေ ရှိနေတာကို ဖော်ပြနိုင်ဖို့ ရခိုင် ဒေသ ကို သွားရောက်ခွင့် တောင်းခဲ့ပေမယ့် ပြန်ကြားရေး ဝန်ကြီး ဌာန ဘက် က ခွင့်မပြုခဲ့ဘူးလို့ ချွန်း ဂျာနယ် အယ်ဒီတာချုပ်က ပြောပါတယ်။

ပြန်ကြားရေး ဘက် က တိုင်ကြား ထားသလို လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်ရေးသား တဲ့ အရေးအသားမျိုး ပုံနှိပ် ခဲ့သလား ဆိုတာကိုတော့ လေ့လာ စုံစမ်း နေဆဲ ဖြစ်ပြီး လာမယ့် ရုံးဖွင့် ရက်တွေမှာ အဖြေထုတ် သွားဖို့ ရှိတယ်လို့ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် တစ်ဉီး က ပြော ပါတယ်။

ဝန်ကြီး ဌာန အနေနဲ့ တိုက်ရိုက် အရေးယူလို့ ရတဲ့ ကိစ္စမျိုးမှာ သတင်း မီဒီယာ ကောင်စီကို တိုင်ကြား လာတာကလည်း ကောင်စီရဲ့ အခန်းကဏ္ဍကို ရှေ့ရှု လာတာမျိုး ဖြစ်နိုင်တယ်လို့ အဖွဲ့ဝင် ဖြစ်တဲ့ ဉီးမြင့်ကျော် က သုံးသပ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ခွင့်မပြုတဲ့ အသုံးအနှုန်း သုံးစွဲတဲ့ ချွန်း ဂျာနယ် တိုင်ကြားခံရ ခွင့်မပြုတဲ့ အသုံးအနှုန်း သုံးစွဲတဲ့ ချွန်း ဂျာနယ် တိုင်ကြားခံရ Reviewed by THITHTOOLWIN on 00:11 Rating: 5
Powered by Blogger.