၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးရန်ကုန်မြို့ ၃၉ လိုင်းကားပေါ်တွင် အမျိုးသမီးတစ်ဦး၏ အချိုရည်တိုက်၍ သောက်မိရာမှ အသိစိတ်ပျောက်ပြီး မြ၀တီမြို့သို့ရောက်ရှိလာ


မြ၀တီ အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စု၊ ဆုံရှည်ကုန်းကျေးရွာနေအသက် ၁၄ နှစ်အရွယ် မ၀င်းနွယ်စိုးဆိုသူသည် ယခုအောက်တိုဘာလ ၁၃ ရက်နေ့က ရွှေပြည်သာစက်မှုဇုန်ရှိစက်ချုပ်ရုံသို့ အလုပ်သွားရန် ၃၉ လိုင်းကားစီးစဉ် ကားပေါ်ပါ အမျိုးသမီးတစ်ဦးမှ မ၀င်းနွယ်စိုး၏ လက်ကိုတို့ပြီးအချိုရည်တိုက်၍ သောက်မိရာမှ အသိစိတ်ကင်းလွတ်ကာ ဘာမှမသိတော့ပဲ မြ၀တီမြို့ သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မ၀င်းနွယ်စိုးအားအောက်တိုဘာ ၁၄ ရက်နေ့၊ ည ၇ နာရီခန့်က မြ၀တီမြို့၊ ရွှေမြင်းဝန်ဘုရားကြီးအနီးတွင် အဖွားတစ်ဦးမှ မေးမြန်းနေသည်ကို အနီးရှိ ဆိုင်ကယ်ကယ်ရီဂိတ်မှ ဆိုင်ကယ် ကယ်ရီမောင်းသူ ၀င်းနိုင် ဆိုသူကတွေ့ရှိပြီး ၀ိုင်းဝန်ပြီး ၀င်ရောက်မေးမြန်းရာ မသိဘူးဟုသာဖြေကြားပြီး ဘာမှမေးမြန်းမရသည့်အတွက် ဆိုင်ကယ်ကယ်ရီမောင်းသူက အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက် အပ်နှံ့ခဲ့ခြင်းဖြစ်သည်။

သူကို့ ကျွန်တော် ည ၇ နာရီလောက်မှာတွေ့တယ်၊ ကျွန်တော်လည်းဂိတ်ပြန်ထိုးတဲ့အချိန်၊ အဖွားတစ်ဦးကသူကိုမေးနေတာသူကလမ်းလျှောက်လာတယ် ပီးတော့ ထိုင်ပီးအဲ့နေရာမှာအိပ်နေတာတဲ့ အဖွားကပြောတယ်၊ ကျွန်တော်လည်း ၀ိုင်းကူပီးမေးတာ မသိဘူးပဲပြောတယ် ဘယ်လိုမှ မေးမရဘူး၊ ကျွန်တော်လည်းအဖွားကိုပြောပြီးရပ်ကွက်ရုံးသွားအပ်လိုက်မယ်ဆိုပြီးလာအပ်ခဲ့တာပါဟု ကိုဝင်းနိုင်က ပြောသည်။

အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူးဒေါ်မမကြီးတို့မှမေးမြန်းသော်လည်းမေးမြန်းခြင်းမရပဲဆက်လက်အိပ်နေခဲ့သည့်အတွက်မ၀င်းနွယ်စိုးအား ဓါတ်ပုံရိုက်ကာ Facebook ပေါ်တင်ပြီး အသိပေးခဲ့သည့်အတွက်မ၀င်းနွယ်စိုး၏ ဆွေမျိုးတော်စပ်သူတစ်ဦးမှ တွေ့ရှိပြီးအောက်တိုဘာ၁၅ရက်နေ့တွင် မြ၀တီမြို့၊ မြေနီကုန်းတွင် နေထိုင်သည့် မ၀င်းနွယ်စိုး၏ ဆွေးမျိုးများနှင့် အဆက်အသွယ်ရရှိခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ၁၅ရက်နေ့မှ မ၀င်းနွယ်စိုးသည်အသိစိတ်ပြန်လည်ရရှိ၍ မိမိတွင်ဝတ်ဆင်ထားသည့် လက်စွပ်မရှိတော့သည်ကို သိရှိပြီး အချိုရည်သောက်မိသည်အထိသာ မှတ်မိကာနောက်ပိုင်း မြ၀တီမြို့သို့ ဘယ်လိုရောက်ရှိလာသည်ကိုဘာမှ မမှတ်မိခဲ့ခြင်း ဖြစ်သည်။

ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့၊ နံနက် ၈ နာရီကအမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မမကြီး နှင့်တာဝန်ရှိသူများမှ မ၀င်းနွယ်စိုးအားဖခင်ဖြစ်သူဦးသိန်းရွှေထံသို့ ပြန်လည် လွှဲပြောင်းအပ်နှံခဲ့ကြောင်းသိရသည်။

အခုကလေးမကတို့ဆေးမိတဲ့ သဘောပါ၊ အရင်သူလက်ကိုကိုင်ပီးတော့ အချိုရည်လေးသောက်လိုက်ပါလို့ ပြောလိုက်တာပေါ့၊ ဒါကလေးမလေး အသိပြန်ဝင်လာတော့ အန်တီတို့ကို ပြန်ပြောပြတာပေါ့နော်၊ အဲ့တော့ သူထိလိုက်တဲ့နေရာမှာလည်းဆေးပါလာနိုင်သလိုတိုက်လိုက်တဲ့ အချိုရည်မှာလည်းဆေးပါတာပေါ့၊ အချိုရည်ကတော့ ကျိန်းသေပါတာပေါ့၊ ဆေးကတစ်ရက်ခံလား ၂ ရက်ခံလားအဲ့လိုမျိုးလည်းရှိတာပေါ့၊ သူကတော့ ၁၅ ရက်ပြန်သတိရတယ်ဆိုတော့၊ ၁၃ နဲ့ ၁၄ ၂ ရက်ပေါ့ ဒီဆေးကအဲ့တော့ မိန်းကလေးတွေ အနေနနဲ့ သတိထားစေချင်ပါတယ်၊ မသိတဲ့လူတွေ ကျွေးတာတိုက်တာတွေ မစားတာအကောင်းဆုံးပါပဲဘာပဲဖြစ်ဖြစ် အခုလို အန္တရာယ် ကင်းကင်းနဲ့ မိသားစုနဲ့ ပြန်လည်ဆုံတွေ့တဲ့အတွက် အများကြီး ၀မ်းသာမိပါတယ်ဟု ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မမကြီးကပြောကြားသည်။

ထိန်လင်းအောင်(ပြန်/ဆက်)
Photo Credit : Mi Shwe Moe fb
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးရန်ကုန်မြို့ ၃၉ လိုင်းကားပေါ်တွင် အမျိုးသမီးတစ်ဦး၏ အချိုရည်တိုက်၍ သောက်မိရာမှ အသိစိတ်ပျောက်ပြီး မြ၀တီမြို့သို့ရောက်ရှိလာ ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးရန်ကုန်မြို့ ၃၉ လိုင်းကားပေါ်တွင် အမျိုးသမီးတစ်ဦး၏ အချိုရည်တိုက်၍ သောက်မိရာမှ အသိစိတ်ပျောက်ပြီး မြ၀တီမြို့သို့ရောက်ရှိလာ Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.