အဖမ်းခံရတဲ့ မလေးရှားသတင်းထောက်ကို ကူညီမည်


နေပြည်တော် လွှတ်တော်အဆောက်အအုံတွေကို ဒရုန်းယာဉ်နဲ့ ဗီဒီယိုရိုက်ကူးဖို့ ကြိုးပမ်းခဲ့လို့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့၊ ပြည်တွင်း ပြည်ပ သတင်းထောက် ၄ ဦး ထဲက မလေးရှားနိုင်ငံသူ သတင်းထောက်အတွက် ကူညီဆောင်ရွက်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ မလေးရှားသံရုံးကတဆင့် စောင့်ကြည့်နေမှာဖြစ်ပြီး၊ သံရေးတမန်ရေးအရ လိုအပ်သလို ကူညီဆောင်ရွက်မယ်လို့လည်းပြောပါတယ်။

စနေနေ့ မနက်ပိုင်းက တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ စင်ကာပူရုံးခွဲက မလေးရှားနိုင်ငံသူတစ်ဦး၊ စင်ကာပူနိုင်ငံသားတစ်ဦး၊ စကားပြန်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ပြည်တွင်းအလွတ်သတင်းထောက် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတဦး စုစုပေါင်း လေးဦးကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနီး ဒရုန်းတစ်စင်း လွှတ်တင်နေစဉ်မှာ အမှတ် ၅ ရဲစခန်းက ဖမ်းဆီးစစ်ဆေးခဲ့ပြီး၊ အမှတ် ၁ ရဲစခန်းကို ပြောင်းရွှေ့လိုက်ပါတယ်။

ပြည်ပနိုင်ငံသားနှစ်ဦးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးနဲ့ မလေးရှားသံရုံးတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ကနဦးစစ်ဆေးချက်အရ မြန်မာနိုင်ငံရဲ့ရှုခင်း၊ အဆောက်အအုံတွေ၊ ဘုရားစေတီနဲ့ လွှတ်တော်အဆောက်အအုံတွေကို ရိုက်ကူးတာဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ၃ နှစ်ကျော်အထိ ကျခံရနိုင်ကြောင်း သိရပါတယ်။

Photo: The Global New Light Of Myanmar
RFA Burmese
https://www.facebook.com/rfaburmese/
အဖမ်းခံရတဲ့ မလေးရှားသတင်းထောက်ကို ကူညီမည် အဖမ်းခံရတဲ့ မလေးရှားသတင်းထောက်ကို ကူညီမည် Reviewed by THITHTOOLWIN on 15:59 Rating: 5
Powered by Blogger.