ချင်းတောင်မှ ကလေးမြို့သို့ ဆင်းလာသော ၆ ဘီးယာဉ်တစ်စီးတိမ်းမှောက် လူ ၄ ဦးသေဆုံး

သေဆုံးသွားသည့် ရုပ်အလောင်များနှင့် ဒဏ်ရာရရှိသူများကို ကလေးမြို့ဆေးရုံကြီးသို့ပို့ဆောင်လျက်ရှိသည်ဟု သိရသည်။ (ဓာတ်ပုံ- Tedim Times)
ခိုနူမ်းသုန်သတင်း၊ ၁၀ အောက်တိုဘာ ၂၀၁၇

ချင်းပြည်နယ် တီးတိန်မြို့နယ် လိုင်တွီးကျေးရွာမှ ကလေးမြို့ဘက်သို့ ထွက်ခွါလာသော ၆ ဘီးယာဉ် ကုန်တင်ကားတစ်စီးသည် သိုင်ငင်းကျေးရွာအလွန်တွင် အောက်တိုဘာလ ၁၀ရက်နေ့ ယနေ့ညနေပိုင်း ၃ နာရီဝန်းကျင်ခန့်က တိမ်းမှောက်ပြီး အမျိုးသမီး ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၂ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်ဟု သိရသည်။


ခရီးသည် ၃၀ ခန့်တင်ဆောင်လာသော အဆိုပါ ၆ ဘီးကားသည် သိုင်ငင်းကျေးရွာအကျော် Hiangzing ကျေးရွာအနီး လေးထပ်ကွေ့ဟုခေါ်ကြသည့်နေရာတွင် ကားရှောင်ရင်း မြေသားနုသည့်နေရာကို နင်းမိရာမှ အောက်ဘက် ကားလမ်းမကြီး အထိ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်ဟု Hiangzing ကျေးရွာသားတစ်ဦးကပြောသည်။

“ မိုးကလည်းရွာတော့ ကားလမ်းကလည်းချော်တယ် ပြီးတော့ မြေသားနုတဲ့နေရာကို နင်းမိပြီး အောက်ဘက်ကို ပြုတ်ကျသွားတာ’’ ၎င်းကပြောသည်။


အဆိုပါကားပေါ်သို့လိုက်ပါလာကြသည့်ခရီးများမှာ လိုင်တွီးကျေးရွာတွင် အောက်တိုဘာလ ၅ ရက်မှ ၈ ရက်နေ့အထိ ကျင်းပသော ချင်းရိုးရာခွါဒိုပွဲတော်သို့ သွားရောက်ခဲ့ကြသည့် ကလေးမြို့နေ လိုင်တွီးရွာသားဘောလုံးသမားများနှင့် လိုင်တွီးကျေးရွာမှ ကျောင်းသူကျောင်းသားများဖြစ်ကြသည် ဟု သိရသည်။

“ ခရီးသည်အများစုက ဘောလုံးသမားတွေပါ၊ လိုင်းတွီ ခွါဒိုပွဲမှာ ကျင်းပတဲ့ ဘောလုံးပွဲမှာ လာရောက်ယှဉ်ပြိုင်ကြတဲ့သူ တွေပါ၊ ပထမဆုတောင် ရသွားကြတယ်၊ ကလေးမြို့ကို ကျောင်းတက်ဖို့ပြန်သွားကြတဲ့ လိုင်းတွီရွာက ကျောင်းသားတွေလည်းလိုက်သွားကြတယ်” ဟု လိုင်းတွီရွာ စွဲမက်ထမင်းဆိုင်မှာ မမောသဲကပြောသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese/
ချင်းတောင်မှ ကလေးမြို့သို့ ဆင်းလာသော ၆ ဘီးယာဉ်တစ်စီးတိမ်းမှောက် လူ ၄ ဦးသေဆုံး ချင်းတောင်မှ ကလေးမြို့သို့ ဆင်းလာသော ၆ ဘီးယာဉ်တစ်စီးတိမ်းမှောက် လူ ၄ ဦးသေဆုံး Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.