မြစ်ကြီးနား၌ သားအမိနှစ်ဦးအသတ်ခံရ၊ ပစ္စည်းရလိုမှုကြောင့်ဟုဆို


မြစ်ကြီးနား၊ အောက်တိုဘာ၁၄

    မြစ်ကြီးနား၌ သားအမိနှစ်ယောက်သည် အိမ်တွင် သတ်ဖြတ်ခံရပြီး ယင်းအသတ်ခံရမှုမှာ ပစ္စည်းရလိုမှုကြောင့် အသတ်ခံရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောသည်။

    မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက် နယ်မြေ၄ တောင်သူကြီးလမ်း အမှတ် (၄၁၄)တွင် အောက်တိုဘာ၁၃ရက် ညနေ ၄နာရီခွဲ အချိန်ခန့်တွင်  ဒေါ်ခင်မြင်(၇၅)နှစ်မှာ ဓားထိုးသွင်းဒဏ်ရာ ၁၃ချက်နှင့် ဒေါ်ခင်မြင့်၏သမီး ဒေါ်ခင်စန်းရီ ၅၁နှစ်မှာ ဓားထိုးသွင်းဒဏ်ရာ ၆ချက်ဖြင့် ၎င်းတို့၏ နေအိမ်ထဲ၌ အသတ်ခံခဲ့ရကြောင်း နယ်မြေရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

    “ကျွန်တော်တို့ သုံးသပ်ချက်အရတော့ ဒီအမှုက ပစ္စည်းလိုချင်လို့ လုပ်တာဖြစ်တယ် လူကိုလဲ အငြိုးအတေးတော့ ရှိချင်ရှိနိုင်ပါတယ်။ သို့သော် အထဲမှာ မွှေနှောက်ရှာဖွေထားတဲ့ အနေအထားလဲ တွေ့တယ် ပစ္စည်းက ရှာတော့ရှာတယ် မတွေ့သွားတဲ့ သဘောပါ။ဒီအိမ်က ခိုင်ခံ့လုံခြုံတဲ့အိမ်ပါ အိမ်ကိုဝင်ထွက်နေကျ မင်္သကာစရာ လူတစ်ယောက်တော့ ရှိတယ် လောလောဆယ်တော့ ပြောလို့ မရသေးဘူး” ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောသည်။


    အခင်းဖြစ်ပွားချိန်သည် မိုးရွာနေပြီး ပတ်ဝန်းကျင်မှတိတ်ဆိတ်နေပြီး နေအိမ်တွင် အစောင့် အရှောက် နည်းပါးခြင်းနှင့် အမျိုးသမီးများသာ ရှိနေသည်ကို အခွင့်ကောင်းယူ၍ ပြစ်မှုကျုးလွန်သူမှ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခြင်း ဖြစ်သည် ဟု ရဲတပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ သိရသည်။

    “အိမ်ရှေ့ကအဖွားက ကျွန်မအပြင်ကပြန်လာတော့ ပြောတယ် ဒီအိမ်ကိုသူလာတော့ လူတွေမရှိဘဲ တီဘီအကျယ်ကြီးဖွင့်ထားတယ်တဲ့ အဲ့တာနဲ့ ကျွန်မလည်း တံခါးဖွင့်ပြီး ဝင်လာပြီး ရှာကြည့်တော့ ရေချိုးခန်းအရှေ့မှာ အဖွားကို သေနေတာတွေ့တာပါ” ဟုအခင်းဖြစ်မှုကို စတင်တွေ့ရှိသူ မယဉ်မော်ကပြောသည်။ 

    အဆိုပါ အခင်းဖြစ်ပွားရာနေအိမ်တွင်သေဆုံးသူ၂ဦးအပါအ၀င် မိသားစုဝင် ၃ဦးနှင့် ၎င်းတို့အိမ်၏ နောက်ဖေးဘက်တွင် နှစ်၂၀ခန့် ကြာပြီဖြစ်သော အိမ်ငှားနေထိုင်သူ မယဉ်မော်တို့သားအမိရှိ၍ စုစုပေါင်း ၅ဦး နေထိုင်ကြကြောင်း မယဉ်မော်၏ ပြောပြချက်အရ သိရသည်။

    ယင်းဖြစ်စဉ်ကို နယ်မြေရဲစခန်းတွင် ဦးမြင့်ဦးတရားလိုပြုလုပ်၍ အမှုအမှတ်(ပ)၂၁၅/၂၀၁၇ ၊ဥပဒေပုဒ်မ(၃၀၂)(လူသတ်မှု)ဖြင့်အမှုဖွင့်ပြီး အမှုစစ်စခန်းမှုး ဒုရဲမှူးသိန်းဇော်နှင့် နယ်မြေစခန်းမှ ဒုရဲအုပ်များ ပူးပေါင်း၍ တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

 မီးမီး / EPN
ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက်
မြစ်ကြီးနား၌ သားအမိနှစ်ဦးအသတ်ခံရ၊ ပစ္စည်းရလိုမှုကြောင့်ဟုဆို  မြစ်ကြီးနား၌ သားအမိနှစ်ဦးအသတ်ခံရ၊ ပစ္စည်းရလိုမှုကြောင့်ဟုဆို Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.