ကာတာလန် လွတ်လပ်ရေး ယူဖို့ ဆုံးဖြတ်

လူ ၂ သန်းကျော် မဲထွက်ပေးခဲ့ကြ
ကာတာလိုးနီးယား ဆန္ဒခံပွဲမှာ မဲပေးသူ ၉ဝ ရာခိုင်နှုန်းက စပိန်က ခွဲထွက်ပြီး လွတ်လပ်ရေး ယူဖို့ ဆုံးဖြတ်ကြောင်း ကာတာလိုးနီးယား အစိုးရက ကြေညာပါတယ်။

ဒေသ လူဦးရေ တဝက် လောက်ရှိတဲ့ လူ ၂ သန်းကျော် မဲထွက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ကာတာလိုးနီးယား ဟာ စပိန် အစိုးရ ကန့်ကွက်မှုကြားက လွတ်လပ်စွာ နေနိုင်တဲ့ နိုင်ငံဆိုတာ လွတ်လပ်ရေး ဆန္ဒခံယူပွဲက ပြလိုက်ကြောင်း ကာတာလန် အစိုးရ ခေါင်းဆောင် ကာလပ်စ် ပူဂျေဒမွန့်က ဘာစီလိုနာက လူအုပ်ကြီးကို ပြောကြား ခဲ့ပါတယ်။

ဒီဆန္ဒခံပွဲ ရလဒ်ကို ကာတာလန် လွှတ်တော်ကို တင်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

စပိန် အစိုးရကတော့ ဒီဆန္ဒခံပွဲကို တရားမဝင်ကြောင်း ကြေညာခဲ့ပြီး ကာတာလန် နယ်သား အများစုက လွတ်လပ်ရေး မလိုလားဘူးလို့ စပိန် ဝန်ကြီးချုပ် မာရီယာနို ရာဟွိုင်း က ပြောကြား ခဲ့ပါတယ်။

မနေ့က စပိန် အစိုးရ ညွှန်ကြားချက်နဲ့ မဲရုံ တရာကျော်ကို ပိတ်ပစ်ခဲ့သလို မဲပေးသူတွေနဲ့လည်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

မဲရုံတွေကို ကာကွယ်နေတဲ့ လူထုကို နံပါတ်တုတ်တွေ၊ ရာဘာ ကျည်ဆန်တွေ သုံးပြီး မညှာမတာ နှိမ်နင်းခဲ့တဲ့ စပိန်အစိုးရကြောင့် ရှက်စရာ ဖြစ်ရကြောင်း ကာတာလန် အစိုးရ ခေါင်းဆောင်က ဆိုပါတယ်။

ရုန်းရင်းဆန်ခတ်မှုတွေ အတွင်း လူ ရှစ်ရာကျော် ဒဏ်ရာရပြီး ဆန္ဒပြသူတွေက ကျောက်ခဲနဲ့ပေါက်လို့ ရဲ ၁၂ ယောက် ဒဏ်ရာရတယ်လို့ ကာတာလန် အစိုးရက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကာတာလန် လွတ်လပ်ရေး ယူဖို့ ဆုံးဖြတ် ကာတာလန် လွတ်လပ်ရေး ယူဖို့ ဆုံးဖြတ် Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.