ဦးဖြိုးကိုကိုတင့်ဆန်းအမှု ဖမ်းဆီးထားသူ ၁၂ဦးရှိ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဟိုတယ် ACE မှာ ဖမ်းဆီးရမိတဲ့ တရားခံ သီဟ ကို တွေ့ရစဉ်။ Photo: Ministry of Home Affairs, Myanmar Facebook
အရင်အစိုးရဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း ကို မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ဖမ်းဆီးရမိတဲ့ကိစ္စမှာ နောက်ဆက်တွဲအဖြစ် လူငါးဦးကို ထပ်မံစစ်ဆေးနေပြီး လက်ရှိအချိန်အထိ ဖမ်းဆီးထားသူ ၁၂ ဦးရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

နေပြည်တော်မှာ ဒီကနေ့စတင်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်မှာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက သတင်းမီဒီယာသမားတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အမှုတွေစိစစ်ဆဲဖြစ်တဲ့အတွက် သုံးသပ်ချက်တွေ ပြောဖို့ အချိန်ယူရဦးမယ်လို့လည်း ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

ဒါ့အပြင်ကျန်ရှိနေတဲ့ ကွင်းဆက်တရားခံတွေနဲ့ ကျန်ရှိနေတဲ့ လက်နက်တွေအားလုံး ဖမ်းမိဖို့ဟာ အရေးကြီး ဆုံးဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ချက်အားလုံးကို ပြည်ထောင်စုအစိုးရကို တင်ပြဆောင် ရွက်နေတယ်လို့ ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။

အောက်တိုဘာလ ၁၅ရက်နေ့ညက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဦးဖြိုးကိုကိုတင့်ဆန်း အပါအ၀င် ၃ဦးကို လက်နက်တွေ၊ မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးပြီးနောက် နေပြည်တော်က ACE ဟိုတယ်မှာ လက်နက်တွေ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲဒီနောက် မနေ့က ရန်ကုန်တိုင်း သာကေတမြို့ နယ်က ACE ကုမ္ပဏီ အဆောက်အအုံနဲ့ ဗဟန်းမြို့ နယ် ရွှေတောင်ကြား ၁ရပ်ကွက်မှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ နေအိမ်တို့ကိုလည်း ၀င်ရောက်ရှာဖွေရာမှာ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ မူးယစ်ဆေးတွေကို တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ရွေးကောက်ပွဲမှာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီရဲ့ ပါတီဝင်အဖြစ် နှုတ်ထွက်သွားတာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဦးဖြိုးကိုကိုတင့်ဆန်းအမှု ဖမ်းဆီးထားသူ ၁၂ဦးရှိ ဦးဖြိုးကိုကိုတင့်ဆန်းအမှု ဖမ်းဆီးထားသူ ၁၂ဦးရှိ Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.