မင်းပြားကားလမ်း မိုင်းပေါက်ကွဲမှုနှင့် ဆက်စပ်၍ သင်္ကာမကင်းသူ တန်းဆိပ်မူဆလင်ရွာသားနှစ်ဦးဖမ်းဆီးခံရ

(ဓာတ်ပုံ-မိုင်းဗုံးကွဲပြီးနောက်ပိုင်း ပေါက်ကွဲရာအနီး မြင်ကွင်း)
နိရဉ္စရာ၊ အောက်တိုဘာ ၁၈

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စင်္ကြာအုပ်စု တန်းဆိပ်မူဆလင်ရွာမှ သင်္ကာမကင်းသူ ရွာသားနှစ်ဦးကို မင်းပြားကားလမ်း မိုင်းဗုံးပေါက်ကွဲမှုဖြင့်ဆက်စပ်ကာ အထူး တပ်ဖွဲ့တစ်ခုမှ ယခုလ ၁၅ ရက်နေ့က ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာနမှ မင်းပြားရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ တာဝန်ရှိ အရာရှိ တစ်ဦးက သူတို့ စခန်းမှ ဖမ်းဆီးခြင်း မဟုတ်ဘဲ စစ်တွေမြို့ ဒကစ အထူးစစ်တပ်ဖွဲ့ တစ်ခုမှ လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ မင်းပြား စခန်းတွင် အချိန်အနည်းငယ် ချုပ်ထားပြီး ချက်ချင်း စစ်တွေမြို့သို့ ခေါ်ယူသွားခဲ့ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ မင်းပြားမြို့နယ်ရဲက ဖမ်းတာ မဟုတ်ဘူး။ စစ်တွေက စစ်တပ်ဖွဲ့ တစ်ခုကနေ လာဖမ်းတာ။ မနေ့ကတည်းက စစ်တွေကို ခေါ်ဆောင်သွားပါပြီ။ ကားလမ်းမိုင်းခွဲတိုင်ခိုက်မှုနဲ့ ဆက်စပ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တန်းဆိပ်မူလင်ရွာသို့ ဆက်သွယ်ရာ ဘင်္ဂလီ လူကြီး တစ်ဦးဖြစ်သူ ဦးမောင်တင်လှက သူတို့ရွာမှ ရွာသားနှစ်ဦးကို လွန်ခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ ညနေက မင်းပြားသို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း၊ ဖမ်းဆီးသွားသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ပြောကြားသည်။

ဖမ်းဆီးခံရသူ နှစ်ဦးထဲတွင် တစ်ဦးမှာ အန်ဒရာ ဟူစိန် (ဖုံးသံမကွဲသဖြင့် နာမည်မှားကောင်း မှားနိုင်ပါသည်) နှင့် နောက်တစ်ဦးမှာ ဘစိန် ခေါ် အဘူရှားမား ဖြစ်ကြောင်း ပြောကြားသည်။

ယနေ့ထုတ် The Daily Eleven ဂျာနယ်တွင် ဖမ်းဆီးခံရသူ နှစ်ဦးမှာ မင်းပြားမြို့နယ် တန်းဆိပ် (ဘင်္ဂါလီ) ရွာနေ အဘူရှားမား( ၅၉ နှစ်) နှင့် နုရ်ရော်ကိန်း (၃၇) နှစ်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းပြင် သူတို့ နှစ်ဦးအား မင်းပြားမြို့နယ် တန်းဆိပ်နှင့် ဆပ်ကျာရွာအကြား ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၉၆/၄-၅ ကြား၌ စက်တင်ဘာ ၂၀ ရက်နေ့က လက်လုပ်မှိုင်းဖြင့် ၃ ကြိမ် ဖေါက်ခွဲ တိုက်ခိုက်မှုနှင့် ဆက်စပ် ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ သူတို့ နှစ်ဦးအား ချုပ်ရမန်ယူကာ စစ်ဆေး လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကြားပြီး သတင်း ဖော်ပြထားသည်။

အဆိုပါ လက်လုပ်မိုင်းဗုံး ပေါက်ကွဲမှုကြောင့် ကစ္စပနဒီ ခရီးသည်တင်ကား ၀ဲဘက်ခြမ်းတွင် မှန် ၄ ချပ်ကွဲသွားခဲ့ပြီး ကယ်ဆယ်ရေးတင်ဆောင်လာသည့် Fuso ယာဉ်၏ ရှေ့မှန်နှင့် ဘန်ပါတို့တွင် ၁၉ ချက် ထိမှန်ခဲ့သည်ဟု သိရသည်။

၎င်းလက်လုပ်မိုင်းများ အဝေးထိန်းခလုတ်ဖြင့် ဖေါက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ အခုသူတို့ တို့နှစ်ဦးအား မင်းပြားမြို့ရဲစခန်းတွင် (ပ) ၁၇၄/ ၂၀၁၇ ပေါက်ကွဲမှု သုံးမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
မင်းပြားကားလမ်း မိုင်းပေါက်ကွဲမှုနှင့် ဆက်စပ်၍ သင်္ကာမကင်းသူ တန်းဆိပ်မူဆလင်ရွာသားနှစ်ဦးဖမ်းဆီးခံရ မင်းပြားကားလမ်း မိုင်းပေါက်ကွဲမှုနှင့် ဆက်စပ်၍ သင်္ကာမကင်းသူ တန်းဆိပ်မူဆလင်ရွာသားနှစ်ဦးဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 16:19 Rating: 5
Powered by Blogger.