ထိုင်းဘုရင်ကြီးရဲ့ ဈာပန လူ ၃ သိန်းလောက် လာရောက်ဂါရဝပြု


ပြီးခဲ့တဲ့နှစ်က နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ဈာပနအခမ်းအနား ဒုတိယနေ့အဖြစ် ဒီကနေ့ ဆက်လက်ကျင်းပရာမှာ လူပေါင်း ၃ သိန်းလောက် လာရောက်ဂါရဝပြုကြပါတယ်။

အသုဘရှုလာရောက်ကြသူတွေဟာ အနက်ရောင်တွေဝတ်ဆင်ထားပြီး ပုဏ္ဍားဝတ်စုံ၊ စည်တော်တီးဝတ်စုံနဲ့ စစ်သည်တော်ဝတ်စုံတွေ ဝတ်ဆင်ထားသူတွေက ဘန်ကောက်မြို့ရဲ့ အထင်ကရမြို့လည်လမ်းမပေါ်မှာ စီတန်းလှည့်လည်နေကြချိန်မှာ အသုဘရှုလာသူတွေက လမ်းမပေါ်ဝမ်းလျားမှောက် ငိုယိုကြွေးပြီး ဘုရင်ကြီးရဲ့ရုပ်အလောင်းကို ဂါရဝပြုကြပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၉၀ အကုန်အကျခံပြီး ခမ်းခမ်းနားနား တည်ဆောက်ခင်းကျင်းထားတဲ့ ဈာပနပွဲတော်ကျင်းပရာနေရာကို ဘုရင်ဘူမိဘောရဲ့သားတော် လက်ရှိဘုရင် မဟာဗန်ဂျရာ လောင်ကွန်းလည်း တက်ရောက်ဂါရဝပြုပြီး ည ၁၀ နာရီမှာ သူဟာ ဘုရင်ကြီးရဲ့ ရုပ်အလောင်းကို မီးသဂြိုဟ်မှာဖြစ်ပါတယ်။
မီးသဂြိုဟ်ပွဲအခမ်းအနားကို ထိုင်းတော်ဝင်မိသားစုတွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်း အကြီးအကဲတွေ၊ နိုင်ငံခြားသံတမန်တွေပါ တက်ရောက်မှာဖြစ်ပါတယ်။

ထိုင်းဘုရင်ကြီး ဘူမိဘောဟာ ၁၉၅၀ ခုနှစ်မှာ နန်းတက်ခဲ့တာဖြစ်ပြီး နိုင်ငံကိုနှစ်ပေါင်းများစွာအုပ်ချုပ် ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ နတ်ရွာစံခဲ့တာဖြစ်ပါတယ်။ နတ်ရွာစံချိန်မှာ ဘုရင်ကြီးဟာ အသက် ၈၈ နှစ်ရှိပြီဖြစ်ပြီး တိုင်းပြည်ရဲ့ဖခင်ကြီးအဖြစ် ပြည်သူပြည်သားတွေက သတ်မှတ်တာကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။

Photo: NBT World
RFA Burmese
https://www.facebook.com/rfaburmese/
ထိုင်းဘုရင်ကြီးရဲ့ ဈာပန လူ ၃ သိန်းလောက် လာရောက်ဂါရဝပြု ထိုင်းဘုရင်ကြီးရဲ့ ဈာပန လူ ၃ သိန်းလောက် လာရောက်ဂါရဝပြု Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.