![]() |
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (အောက်တိုဘာ-၂၀၁၇) |
မြန်မာနိုင်ငံတွင်းမှာ ထောင်နဲ့သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ရှိနေဆဲဖြစ်ပြီး၊ နောက်ထပ် အလုံးအရင်းနဲ့ ထပ်ထွက်လာရင် အကူအညီ ပေးနိုင်ဖို့လည်း အသင့်ပြင်ထားလိုကြောင်း လူသားချင်းစာနာမှုနဲ့ အရေးပေါ် အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Mark Lowcock က ပြောဆိုလိုက်တာပါ။
လိုအပ်နေသူတွေအတွက် အကူအညီပေးဖို့ ဒီနှစ် စက်တင်ဘာလကနေ၊ ရှေ့နှစ် ဖေဖော်ဝါရီလအထိ ၆ လစာ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၄၃၄ သန်းလောက် လိုအပ်နိုင်တယ်လို့လည်း မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်ကပြန်ရောက် လာခဲ့တဲ့ လက်ထောက် အတွင်းရေးမှူးချုပ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ ရုံးချုပ်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ARSA အစွန်းရောက် အုပ်စုက သြဂုတ်လ ၂၅ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး၊ နောက်ဆက်တွဲ လုံခြုံရေး အာဏာပိုင်တွေရဲ့ စစ်ဆင်ရေးတွေကြားမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာသူပေါင်းဟာ သန်းဝက်ကျော်နေပြီလို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့် နိုင်ငံတကာက စိုးရိမ်မှုတွေ ထွက်ပေါ်နေရာမှာ မနေ့တုန်းကလည်း အမေရိကန် အောက်လွှတ်တော်မှာ ရိုဟင်ဂျာအရေး ကြားနာပွဲတခု ကျင်းပခဲ့တာပါ။ ကြားနာပွဲမှာ ထွက်ဆိုခဲ့သူတဦးဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကတော့ ရခိုင်ပြည်နယ်က အကျပ်အတည်းကို သတိထား ချဉ်းကပ်ဖို့နဲ့ ဖိအားပေး အရေးယူတာဟာ အခြေအနေကို ပိုမိုဆိုးရွားလာအောင် တွန်းအားပေးရာ ရောက်နိုင်ကြောင်းလည်း သတိပေးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရိုဟင်ဂျာဒုက္ခသည်တွေကို စာနာမှုအကူအညီပေးရေး ကုလတိုက်တွန်း
Reviewed by THITHTOOLWIN
on
19:14
Rating:
