နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းရောက် မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံ


ဘန်ဒါဆရီဘီဂါဝန် အောက်တိုဘာ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ်ဘိုလ်ကီးယား မူအစ် ဇာဒင် ဝါဒူလာ၏ နန်းမွေဆက်ခံသည့် နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်း အနားသို့ တက်ရောက်ရန် ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်မှ အထူးလေယာဉ် ဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြ သည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များအား ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ရှေ့နေချုပ် Her Excellency Datin Seri Paduka Hajah Hayati POK Dato Seri Paduka Haji Mohd Salleh၊ တော်ဝင်ဘရူနိုင်းဘုရင့်တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဘုရင့်နန်းတော် သံတမန်ဌာန အကြီးအကဲ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးချိုထွန်းအောင်၊ မြန်မာသံရုံး ဝန်ထမ်းများနှင့် မိသားစုများက ဘရူနိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ သည် ခေတ္တတည်းခိုမည့် ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ အစိုးရဧည့်ဂေဟာသို့ ရောက်ရှိကြသည်။


ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ မြန်မာသံရုံး၌ ဘရူနိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ နှင့်တွေ့ဆုံ၍ ရင်းနှီးစွာနှုတ်ဆက်စကားပြောကြားပြီး ၎င်းတို့သိရှိလိုသည့် မေးမြန်းချက် များကို ပြန်လည်ဖြေကြားခဲ့သည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘရူနိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ Istana Nurul Imam ဘုရင့် နန်းတော်၌ ကျင်းပသည့် ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ နန်းမွေဆက်ခံသည့် နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်သည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းရောက် မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းရောက် မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.