မွတ်စလင်ဒုက္ခသည် ကူညီရေးအဖွဲ့ ၃ ဖွဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပိတ်ပင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အစ္စလာမ် ကူညီရေးအဖွဲ့ သုံးဖွဲ့ကို အစိုးရက ပိတ်ပင်လိုက်ပါတယ်။

နိုင်ငံတကာ ကူညီရေးအဖွဲ့နှစ်ခုဖြစ်တဲ့ Muslim Aid နဲ့ Islamic Relief ၊ ဘင်္ဂလားဒေ့ရှ်အခြေစိုက် အယ်လာမာ ဖက်ဇလူလာ ဖေါင်ဒေးရှင်း တို့ကို ကောက်စ်ဘဇားခရိုင် ဒုက္ခသည်စခန်းက အမည်ပျက် စာရင်းသွင်းလိုက်ကြောင်း အာဏာရ အ၀ါမီ လိဂ် ပါတီဝင် အမျိုးသမီး လွှတ်တော်အမတ်တဦးက ပြောဆိုကြောင်း AFP သတင်းကဖေါ်ပြပါတယ်။

အဲဒီအဖွဲ့သုံးဖွဲ့ကို ဘာကြောင့် အမည်ပျက်စာရင်းသွ င်းရသလဲဆိုတာ အသေးစိတ်မသိရသေးပါဘူး။ ဒါပေမဲ့ ဒုက္ခသည်တွေကို စစ်သွေးကြွတွေဖြစ်လာအောင် သိမ်းသွင်းတာတွေရှိလာနိုင်လို့ အထူးကြပ်မတ် စုံစမ်းစစ်ဆေးနေကြောင်း လွှတ်တော်နိုင်ငံခြားရေးရာ အမြဲတမ်းကော်မတီဝင် ခါလစ်က ပြောဆိုပါတယ်။

ဒုက္ခသည်တွေကို ဘယ်သူတွေ ကူညီနေသလဲ၊ ဘာကြောင့်ကူညီနေတာလဲ၊ ဘယ်သူတွေက ထောက်ပံ့နေတာလဲ၊ အဲဒီထောက်ပံ့ငွေတွေနဲ့ ဘာတွေဆောင်ရွက်မှာလဲ ဆိုတာတွေကို လုံခြုံရေးအရ စောင့်ကြည့်နေရကြောင်း၊ ဒုက္ခသည်တွေကို စစ်သွေးကြွတွေဖြစ်လာအောင်လုပ်ဖို့ အလွန်လွယ်ကူကြောင်းလည်းပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရ အရပ်ဘက်အဖွဲ့အစည်းရေးရာ ဗျူရိုအနေနဲ့ ဒုက္ခသည်စခန်းတွေရဲ့ အရေးပေါ် လိုအပ်ချက်အရ ပြည်တွင်း ပြည်ပ ကူညီရေးအဖွဲ့ ၃၀ ကို အတည်ပြု ဆောင်ရွက်ခွင့်ပေးထားပါတယ်။
အရင်ကတော့ MSF နဲ့ ACF အပါအ၀င် နိုင်ငံတကာ ကူညီရေးအဖွဲ့ ၄ ဖွဲ့သာ ရှိခဲ့ပါတယ်။

Photo: UNHCR in Bangladesh
RFA Burmese
https://www.facebook.com/rfaburmese/
မွတ်စလင်ဒုက္ခသည် ကူညီရေးအဖွဲ့ ၃ ဖွဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပိတ်ပင် မွတ်စလင်ဒုက္ခသည် ကူညီရေးအဖွဲ့ ၃ ဖွဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပိတ်ပင် Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.