ကားလမ်းဘေးတွင် ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲ


ကာမိုင်း အောက်တိုဘာ ၁၇

မိုးညှင်းခရိုင် ကာမိုင်းမြို့နယ်   မိုးကောင်း- ဖားကန့်သွား အဝေးပြေး ကတ္တရာလမ်းမပေါ်တွင် ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် ခရီးသည်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကာမိုင်းနယ်မြေရဲစခန်းမှ သိရသည်။

အောက်တိုဘာ ၁၇ရက် နံနက်၈နာရီခန့်တွင် ယာဉ်မောင်းအေးမင်းထွန်း မောင်းနှင်လာသော ပရိုဘောက်ကားနှင့် ၎င်း၏အနောက်မှ ဦးဖကော်ဖော်မြင့် မောင်းနှင်လာသော 125ဆိုင်ကယ်ကြားတွင် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“ကာမိုင်းမြို့အထွက်က ကားလမ်းဘေးမှာ ထောင်ထားတာပေါ့  ဆိုင်ကယ်မောင်းလာတဲ့ လူက တော့ ဝဲဘက်ဒူးခေါင်းမိုင်းစထိမှန်ဒဏ်ရာ နှစ်ချက်ရရှိထားပြီး  အခုမြစ်ကြီးနားဆေးရုံကြီးကို ခေါ်သွားပါပြီ” ဟု ကာမိုင်းစခန်းမှူး ဦးဇာမဲဖုန်ရမ်က ပြောသည်။

ကာမိုင်းမြို့အထွက် မိုင်တိုင်အမှတ် ၂၂/၅ဖာလုံအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပြီး အဆိုပါ မိုင်းထိ လူနာ ဦးဖကော်ဖော်မြင့်၆၂နှစ်သည် မန်ဒင်ကျေးရွာသားတစ်ဦးဖြစ်သည်။

"မိုင်းပေါက်ကွဲတာ ဟုတ်ပါတယ် မိုးကောင်း- ဖားကန့်သွားတဲ့ ကတ္တရာလမ်းမပေါ်မှာ ကွဲတာပါ ဒေသခံပြည်သူတစ်ဦး မိုင်းထိသွားတယ် ဘယ်ဘက်ခြေထောက်ပါ မစိုးရိမ်ရပါဘူး” ဟု ကာမိုင်းဌာနေ ပြည်သူ့စစ်ခေါင်းဆောင် ကိုထူးအောင်က ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ပရိုဘောက်ယာဉ် AD..1628သည် ယာဉ်အနောက်ဖုံးမှန် မိုင်းစထိ မှန်ခဲ့သော်လည်း ကားပေါ်မှ ခရီးသည်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
                                                             
မီးမီး / EPN
https://www.facebook.com/epngnews/
ကားလမ်းဘေးတွင် ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲ ကားလမ်းဘေးတွင် ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲ Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.