ကန်တော်ကြီး ပဲလေ့စ် မီးလောင်မှု ဂျပန်နိုင်ငံသား သေဆုံး

 သေဆုံးသူရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာတဲ့ မြင်ကွင်း
အောက်တိုဘာ ၁၉ ရက် မနက် အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုထဲ သေဆုံးသွားခဲ့သူဟာ ဂျပန်နိုင်ငံသား ဖြစ်ကြောင်း ဂျပန်သံရုံးက တာဝန်ရှိသူ တဦးက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

သေဆုံးခဲ့သူ အမျိုးသားဟာ အသက် ၅ဝ ကျော် အရွယ် စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်ပြီး မြန်မာနိုင်ငံကို အလုပ်ကိစ္စနဲ့ ခေတ္တ ရောက်နေသူ ဖြစ်တယ်လို့လည်း ဂျပန်သံရုံးက ဆိုပါတယ်။

သေဆုံးသူရဲ့ အမည်ကိုတော့ မိသားစု ဆန္ဒ အရ ထုတ်ပြောလို့ မရဘူးလို့ သံရုံးက ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်း ၃ နာရီ ဝန်းကျင်လောက်မှာ လောင်ကျွမ်းခဲ့တဲ့ မီးဟာ အဆင့် ၄ ရှိတဲ့ အကြီးစား မီးလောင်ကျွမ်းမှု ဖြစ်ပြီး ဟိုတယ်ရဲ့ ပင်မ အဆောက်အအုံ တခုလုံး နီးပါး လောင်ကျွမ်းခဲ့ကာ ရန်ကုန်မြို့က မီးသတ်ကား အားလုံးနီးပါး ပါဝင် ငြှိမ်းသတ်ခဲ့ရပါတယ်။

ဒါဟာ အခု နှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်က မင်္ဂလာဈေး ဒုတိယအကြိမ် မီးလောင်မှု ပြီးရင် အကြီးဆုံးလို့ မီးငြှိမ်းသတ်မှုမှာ ပါဝင်တဲ့ မီးသတ် ဝန်ထမ်းတွေက ပြောပါတယ်။

အခု လောလောဆယ် အတည်ပြုနိုင်တဲ့ သတင်းတွေ အရ မီးလောင်မှုကြောင့် ဧည့်သည်တွေထဲက ဂျပန်နိုင်ငံသား တဦး သေဆုံးပြီး မကာအိုသူ တဦး ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ မီးငြှိမ်းသတ်မှု အတွင်း မီးသတ် အရာရှိ တဦးလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဆုံးရှုံးမှု တန်ဖိုး ပမာဏ အတိအကျကိုတော့ သက်ဆိုင်ရာက ထုတ်ပြန်တာ မရှိသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese
ကန်တော်ကြီး ပဲလေ့စ် မီးလောင်မှု ဂျပန်နိုင်ငံသား သေဆုံး ကန်တော်ကြီး ပဲလေ့စ် မီးလောင်မှု ဂျပန်နိုင်ငံသား သေဆုံး Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.