ဆူပူဖို့ ငါးသိန်းပေးတယ်ရေးလို့ ပြည်ခိုင်ဖြိုး အမှုဖွင့်

ထိုင်းကနေ ဆက်လာတဲ့သူက မင်းဒင်ရဲ့ သက်ခိုင်ဆိုတဲ့ စာအုပ်ကိုရေးတာ သူပါလို့ ပြောတယ်။ လို့ရဲအုပ်ကျော်ထူးက ပြော
ရခိုင်ပြည်နယ် အမ်းမြို့မှာ ဆူပူမှုတွေ ပြုလုပ်ပေးဖို့ ကျပ်ငါးသိန်းပေးစည်းရုံးနေတယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စွပ်စွဲရေးသားခဲ့တဲ့ အကောင့်ပိုင်ရှင် (၅)ဦးကို အရေးယူပေးဖို့ မကွေးတိုင်း ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီရဲ့ တိုင်းအလုပ်အမှုဆောင်ကနေ တိုင်ကြားတဲ့အမှုကို ရဲစခန်းက စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပါတယ်။

အမ်းမြို့မှာ ဆူပူမှုတွေပြုလုပ်ပေးဖို့ ကျပ်(၅)သိန်းပေး စည်းရုံးနေသူဟာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ မကွေးတိုင်းအလုပ်အမှုဆောင် ဦးဟန်မောင်ကနေ ကြိုးကိုင်ဆောင်ရွက်နေတယ်ဆိုပြီး ဖေ့စ်ဘွတ်အကောင့် (၅)ခုကနေ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားခဲ့တာကြောင့် သူတို့ကို ဆက်သွယ်ရေးပုဒ်မ (၆၆) ဃနဲ့ အရေးယူပေးဖို့ ဦးဟန်မောင်ကနေ တရားလိုလုပ် တိုင်ကြားထားတာဖြစ်ပါတယ်။ တိုင်ကြားသူ ဦးဟန်မောင်ရဲ့ လက်ကိုင်ဖုန်းကို မှုခင်းရဲတပ်ဖွဲ့ကို ပေးပို့ စစ်ဆေးနေတယ်လို့ မကွေးနယ်မြေရဲစခန်း ရဲအုပ်ကျော်ထူးက ပြောပါတယ်။

တိုင်ကြားတာက ရခိုင်ကိစ္စကို ဆူပူအုံကြွအောင် လုပ်တာက ဦးဟန်မောင်ညွှန်ကြားမှုနဲ့ သူ့တပည့် အောင်ကျော်မြင့်ဆိုတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်က တဆင့် ရခိုင်ကိစ္စကို နောက်ကွယ်က ကြိုးကိုင် လှုံ့ဆော်ခိုင်းတယ်ဆိုပြီးရေးတဲ့ သဘောလို့ ရဲအုပ်ကျော်ထူးက ပြောပြီး မှုခင်းတပ်ဖွဲ့ကနေ တဆင့် ဖေ့ဘုပ်အကောင့်ပိုင်ရှင်တွေကို ဖော်ထုတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ကြံခိုင်ရေးပါတီက ဦးဟန်မောင်ကို စွပ်စွဲရေးသားတဲ့ ဖေ့စ်ဘွတ်အကောင့်(၅)ခုကတော့ ရဲမြင့်၊ Zarni Tike ၊ ဗိုလ်ချုပ်မှူးကြီးချုပ် စိုင်းမဟာထွန်း၊ မင်းဒင် ဆိုတဲ့ အကောင့်တွေ ဖြစ်ကြပါတယ်။ ဒီထဲက အကောင့်(၃)ခုကတော့ နိုင်ငံခြားက ဖြစ်ပြီး ကျန်တဲ့ (၂)ခုကတော့ ပြည်တွင်းက သုံးစွဲနေတဲ့ အကောင့်ပိုင်ရှင်တွေ ဖြစ်ကြတယ်လို့ ရဲစခန်းက ပြောပါတယ်။ ဒီအကောင့်တွေထဲက အကောင့်ပိုင်ရှင်တစ်ယောက်က ရဲစခန်းကို ဆက်သွယ်ပြောခဲ့တာရှိတယ်လို့ ရဲအုပ်ကျော်ထူးက ပြောပါတယ်။

လတ်တလောက မင်းဒင်ဆိုတဲ့ လူက ရဲစခန်းကို လှမ်းဆက်တယ်။ သူက ထိုင်းနိုင်ငံ ဖူးခက်မှာ ရှိတယ်ပေါ့လေ။ သူ့ရဲ့ ပြောကြားချက်အရတော့ သြစတြေးလျနဲ့ အင်္ဂလန်မှာ တယောက်ရှိပြီး ပြည်တွင်းမှာ နှစ်ယောက် ရှိတယ်ဆိုတဲ့ သဘောပါ။ ထိုင်းကနေ ဆက်လာတဲ့သူက မင်းဒင်ရဲ့ သက်ခိုင်ဆိုတဲ့ စာအုပ်ကိုရေးတာ သူပါလို့ ပြောတယ်။ လို့ရဲအုပ်ကျော်ထူးက ပြောပါတယ်။

အမ်းမြို့မှာ ဆူပူမှုဖြစ်ဖို့ လူတစ်ဦးကို ကျပ်ငါးသိန်းပေး စည်းရုံး နေသူနဲ့ ပတ်သက်ပြီး အမျိုးသားတစ်ဦးကို စစ်ဆေးဖို့ မကွေးခရိုင်တရားရုံးမှာ ဦးတိုက်လျောက်ထားခဲ့ပြီး ဒါကို တရားရုံးက လက်ခံထားတယ်ဆိုပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကနေ ပြောထားပါတယ်။ လောလောဆယ်မှာ ဒီအမှုနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း မကွေးခရိုင်ရဲစခန်းက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဆူပူဖို့ ငါးသိန်းပေးတယ်ရေးလို့ ပြည်ခိုင်ဖြိုး အမှုဖွင့် ဆူပူဖို့ ငါးသိန်းပေးတယ်ရေးလို့ ပြည်ခိုင်ဖြိုး အမှုဖွင့် Reviewed by THITHTOOLWIN on 16:44 Rating: 5
Powered by Blogger.