ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က မြန်မာ့တပ်မတော်နဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းလိုက်ကြပေမဲ့၊ သြစတြေးလျနိုင်ငံကတော့ ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးအပေါ် လေဘာပါတီ လွှတ်တော်အမတ်တဦးက လွှတ်တော်ကြားနာပွဲတရပ်မှာ မေးမြန်းခဲ့ရာမှာ၊ မြန်မာစစ်တပ်ကို စစ်ရေးဆိုင်ရာသင်တန်းတွေ ဆက်လက်လေ့ကျင့်ပေးသွားမှာဖြစ်တယ်လို့ သြစတြေးလျ စစ်တပ်အရာရှိတွေက ဖြေကြားခဲ့ကြပါတယ်။
အဓိက လေ့ကျင့်ပေးနေတာတွေထဲမှာ လူသားချင်းစာနာကူညီရေး၊ သဘာဝဘေးဒဏ် လျော့ပါးသက်သာရေး၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုနဲ့ အင်္ဂလိပ်ဘာသာ သင်တန်းတွေဖြစ်တယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။
သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ကိုလာရောက် သင်တန်းတက်ရောက်နေကြသူ မြန်မာစစ်တပ်အရာရှိ ဦးရေ အနည်းငယ်သာရှိပြီး၊ သြစတြေးလျက မြန်မာစစ်တပ်ကို ပေးနေတဲ့ အထောက်အကူတွေကို တန်ဖိုးသင့်ရင် ဒေါ်လာလေးသိန်း နီးပါး ရှိတယ်လို့လည်း ဖေါ်ပြပါတယ်။
သြစတြေးလျအစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်းမှာပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အလေးအနက်စိုးရိမ်ပေမဲ့၊ ပူးပေါင်းဆောင်ရွက်ရေးမူဝါဒကို ဆက်လက်ကျင့်သုံးနေတာဟာ မြန်မာစစ်တပ်ရဲ့ အရည်အသွေးနဲ့ စစ်တပ်ပီသရေး တည်ဆောက်ဖို့ ဖြစ်ကြောင်း သြစတြေးလျ စစ်တပ်အရာရှိတွေက ကြားနာပွဲမှာ ထွက်ဆိုခဲ့ကြပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာ့တပ်မတော်ကို သြစတြေးလျအစိုးရ ဆက်လက်ကူညီပံ့ပိုးသွားမည်
Reviewed by THITHTOOLWIN
on
07:54
Rating:
