အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိလာနိုင်တဲ့ သတင်းတွေရရှိထားတယ်လို့ ပြည်နယ်ရဲမှူးပြော

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုး ကို အောက်တိုဘာလ ၂ ရက်နေ့က တွေ့ရစဉ် ။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် မောင်တောဒေသမှာရှိတဲ့ တိုင်းရင်းသားကျေးရွာတွေမှာ အစွန်းရောက် အကြမ်းဖက်သမားတွေဖက်က အကြီးစားဖောက်ခွဲမှုတွေနဲ့ ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ သတင်းတွေကို ရရှိထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပြည်နယ်အတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် လိုအပ်တဲ့ လုံခြုံရေးအစီအမံကို ဆောင်ရွက်ထားတယ်လို့လည်း ရဲမှူးကြီးအောင်မြတ်မိုး က ပြောပါတယ်။

"ကျန်ရှိတဲ့ တိုင်းရင်းသားကျေးရွာတွေ၊ ကျန်ရှိတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသ တောင်ပိုင်း မြောက်ပိုင်းမှာ အကြီးစားဖောက်ခွဲမှုတွေလုပ်မယ်၊ ဝင်ရောက်တိုက်ခိုင်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ သတင်းမျိုးတွေလည်း ရထားတာရှိပါတယ်၊ ဒီဟာနဲ့ပတ်သက်လို့လည်း အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့ရဲ့ စီမံဆောင်ရွက်မှုနဲ့ မောင်တောဒေသ တောင်ပိုင်း မြောက်ပိုင်းမှာ လုံခြုံရေးကို တင်းတင်ကြပ်ကြပ် တပ်မတော်နဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်လျှက်ရှိပါတယ်၊ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မြို့ကြီးတွေမှာလည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ စီမံကွပ်ကဲမှုနဲ့ နေ့ညလှည့်ကင်းဆောင်ရွက်တာတွေ၊ စောင့်ကြည့်ကင်းတွေ ဒါတွေကိုချထားပြီးတော့မှ လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်လျှက်ရှိပါတယ်"

တစ်ဘက်နိုင်ငံကို ပြောင်းရွှေ့မှုတွေရှိနေတာနဲ့ဆက်နွယ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကနေတစ်ဆင့် ဒီသတင်းတွေကို ရရှိထားတာဖြစ်တယ်လို့ ရဲမှူးကြီးအောင်မြတ်မိုး က ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ဟာ နေ့ရောညပါ လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်နေသလို လူအဝင်အထွက်တွေရှိတဲ့ ကားဂိတ်၊ သင်္ဘောဆိပ်၊ လှေဆိပ်၊ လေဆိပ် စတာတွေမှာလည်း လုံခြုံရေးတင်းကျပ်ပြီးစောင့်ကြည့်နေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိလာနိုင်တဲ့ သတင်းတွေရရှိထားတယ်လို့ ပြည်နယ်ရဲမှူးပြော အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိလာနိုင်တဲ့ သတင်းတွေရရှိထားတယ်လို့ ပြည်နယ်ရဲမှူးပြော Reviewed by THITHTOOLWIN on 18:27 Rating: 5
Powered by Blogger.