ဟိုတယ် မီးလောင်မှု လူ တယောက်သေ၊ အခန်း တရာကျော်လောင်ကျွမ်း

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ဟာ နိုင်ငံခြားသားတွေကြားရေပန်းစားခဲ့
ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်ကျွမ်းမှုကြောင့် နိုင်ငံခြားသား အမျိုးသား ၁ ဦး သေဆုံးပြီး အခန်း တရာကျော် မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဟိုတယ် တာဝန်ရှိသူတွေက ပြောပါတယ်။

ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ကို ပိုင်ဆိုင်တဲ့ ထူးကုမ္ပဏီက ပြုလုပ်တဲ့ ဒီနေ့ နေ့လယ်က သတင်းစာရှင်းလင်းပွဲမှာ ထူးကုမ္ပဏီ လုပ်ငန်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဌေးလွင်ဦးဆောင်ပြီး သတင်းစာရှင်းလင်းခဲ့ရာမှာ သေဆုံးသူ ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ စိစစ်ဆဲလို့ ဆိုသွားပါတယ်။

မီးလောင်မှုထဲ မကာအို နိုင်ငံသူ အမျိုးသမီး ၁ ယောက်လည်း ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်လို့ လည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

သေဆုံးသူဟာ ဂျပန်နိုင်ငံသားဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒါကို ထူးကုမ္ပဏီ ကတော့ သတင်းစာရှင်းလင်းပွဲ မှာ အတည်မပြုပေးခဲ့ပါဘူး။

ဟိုတယ်မီးလောင်ကျွမ်းနေတုန်း အခန်း ၉၆ ခန်းမှာ တည်းခိုနေသူ စုစုပေါင်း ၁၄၁ ယောက်ရှိပြီး အဲဒီထဲမှာ အများစုက နိုင်ငံခြာသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသား ဧည့်သည် အရေအတွက်က အယောက် ၂၀ နီးပါးလို့ ပြောပါတယ်။

ဟိုတယ်ဝန်ထမ်းစုစုပေါင်း ၃၀၀ ဝန်းကျင်ရှိတဲ့အနက် မီးလောင်ချိန်မှာ တာဝန်ကျဝန်ထမ်းက ၆၀ လောက် ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ မနက် ၃ နာရီလောက်က လောင်ကျွမ်းခဲ့တဲ့ ထူးအုပ်စုပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီး ဟာ ၅လွှာကနေ စတင် လောင်ကျွမ်းခဲ့တာဖြစ်ပေမဲ့ မီးလောင်ကျွမ်းမှု အကြောင်းရင်းကိုတော့ ရှာဖွေနေဆဲ ပဲလို့ သတင်းစာရှင်းလင်းပွဲမှာ ဟိုတယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဟိုတယ် အခန်းစုစုပေါင်း ၁၈၅ ခန်း ရှိတဲ့ အနက် အခန်း ၄၀ ဝန်းကျင်လောက်သာ မီးဒဏ်က လွတ်ခဲ့တယ်လို့ ပြောပါတယ်။

မီးစတင်လောင်ချိန်မှာ မီးသတိပေး အသံ မကြားရဘူးလို့ ဧည့်သည်တချို့က မီဒီယာကို ဆိုကြပေမယ့် ဟိုတယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr Raymond J. Bragg က သူကိုယ်တိုင် ညက ဟိုတယ်မှာ ရှိနေပြီး ဟိုတယ်ရဲ့ မီးအချက်ပေး စနစ်ကလည်း ကောင်းကောင်းမွန်မွန် အလုပ်လုပ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဆိုသွားပါတယ်။

ကျွန်းသစ်အများစုနဲ့အလှဆင်ထားတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုမှာ ဟိုတယ် အဆောက် အအုံအားလုံးနီးပါးမီးလောင်ကျွမ်းခဲ့ပေမဲ့ နှစ်တရာကျော်သက်တမ်းရှိတဲ့ မူလ ကန်တော်ကြီး ဟိုတယ် အဆောက်အအုံ တခုက တော့ မီးလောင်ကျွမ်းမှုထဲ မပါသွားပဲ ကျန်ခဲ့ပါတယ်။

ပျက်စီးသွားတဲ့ အဆောက်အအုံနဲ့ ဧည့်သည်တွေအတွက် အာမခံထားထားတယ် လို့လည်း ဟိုတယ်တာဝန်ရှိသူတွေကဆိုပါတယ်။

ဆုံးရှုံးမှုငွေကြေးတန်ဖိုး ကိုတော့ တွက်ချက်နေဆဲလို့ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဟိုတယ် မီးလောင်မှု လူ တယောက်သေ၊ အခန်း တရာကျော်လောင်ကျွမ်း ဟိုတယ် မီးလောင်မှု လူ တယောက်သေ၊ အခန်း တရာကျော်လောင်ကျွမ်း Reviewed by THITHTOOLWIN on 15:51 Rating: 5
Powered by Blogger.