မဲဆောက်က တပတ်ရစ် ကားအရောင်း ဈေးတန်းကို ထိုင်းအစိုးရပိတ်

ကားကောင်း၊ ကားသန့်တွေ အပြိုင်ဝယ်ရာက ကားဈေးကွက်ကြီး ဖြစ်လာခဲ့
မဲဆောက် မြ၀တီ၊ ထိုင်း မြန်မာနယ်စပ်မှာ တလကို ထိုင်းဘတ်ငွေ သန်းထောင်နဲ့ချီ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးကွက်တခု ဖြစ်တဲ့ ဂျပန်က တပတ်ရစ်ကားတွေနဲ့ တပတ်ရစ် ပစ္စည်းမျိုးစုံတွေ ရောင်းတဲ့ ဈေးကွက်ကြီးကို ထိုင်းအာဏာပိုင်တွေက လာမယ့် နိုဝင်ဘာလ ၁၃ရက်နေ့က စလို့ ပိတ်တော့မှာ ဖြစ်ပါတယ်။

မူလက ထရန်စစ် ဖြတ်ကျော်ခွင့် လို့ ခေါ်တဲ့ တထောက်နား ဖြတ်ခွင့်နဲ့ ဂျပန်က တင်သွင်းတဲ့ ကားတွေကို မြန်မာနိုင်ငံကို မပို့ခင် ထိုင်းဖက်မှာ ယာယီထားဖို့ ကုန်လှောင်ရုံတွေ ထိုင်းအစိုးရက ခွင့်ပြုခဲ့တာပါ။

အဲဒီကုန်လှောင်ရုံတွေမှာ ဂျပန်က ရောက်လာတဲ့ ကွန်တိန်နာ ကုန်သေတ္တာတွေ ဖွင့်ချိန်ကို မြန်မာ ကုန်သည်တွေက လာစောင့်ပြီး ကားကောင်း၊ ကားသန့်တွေ အပြိုင်ဝယ်ရာက ကားဈေးကွက်ကြီး ဖြစ်လာခဲ့ပါတယ်။

ဒီကားဈေးကွက်ထဲကို နောက်ပိုင်းမှာ တပတ်ရစ် ကားတွေတင် မကပဲ ဂျပန်က တပတ်ရစ် ပစ္စည်းမျိုးစုံတွေကိုပါ တင်ပို့ လာကြရာကနေ ဈေးကွက်ကြီးတခု ဖြစ်သွားတာပါ။

တထောက်နား ဖြတ်ခွင့်နဲ့ ဂျပန်က တင်သွင်း
ထိုင်း ဥပဒေအသစ်မှာ ယာယီ ကုန်လှောင်ရုံတွေကို ဖွင့်ခွင့် ပြုထားတာ မရှိတော့တဲ့ အတွက် နိုဝင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး အားလုံး ပိတ်ရတော့မှာ ဖြစ်တယ်လို့ မဲဆောက် အကောက်ခွန် ဌာနမှူးကြီး နိုင်ဝမ်လုဖ် ဝုဒါဖါနစ်က အောက်တိုဘာလ ၄ရက် နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အဲဒီရက် မတိုင်ခင် ထရန်စစ် ဖြတ်ကျော်ခွင့်နဲ့ ရောက်လာတာတွေ အားလုံးကို တဖက်နိုင်ငံကို အပြီးတင်ပို့ရမှာ ဖြစ်ပြီး နောက်ပိုင်း ထရန်စစ် ကုန်စည်တွေ အားလုံးကို ချစ်ကြည်ရေး တံတားပေါ်ကတဆင့် မြန်မာဖက်ကို တိုက်ရိုက် တင်ပို့ရတော့မှာ ဖြစ်တယ်လို့ လည်း ထိုင်း အကောက်ခွန် ဌာနမှူးကြီးက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
မဲဆောက်က တပတ်ရစ် ကားအရောင်း ဈေးတန်းကို ထိုင်းအစိုးရပိတ် မဲဆောက်က တပတ်ရစ် ကားအရောင်း ဈေးတန်းကို ထိုင်းအစိုးရပိတ် Reviewed by THITHTOOLWIN on 10:48 Rating: 5
Powered by Blogger.