လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကန် အမတ်တွေပြောကြား


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ အရေးအခင်းဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဌ Ed Royce အက်ဒ် ရွိုက်စ် က မနေ့က ကျင်းပတဲ့ ရိုဟင်ဂျာအရေးကြားနာပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်။ လူ့အခွင့်အရေး ကာကွယ်ရေးဆိုတာဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျနော်တို့နိုင်ငံက နှစ်ပေါင်းများစွာ ထိပ်တန်းဦးစားပေး ကျင့်သုံးခဲ့တဲ့ မူဝါဒဖြစ်တယ်။ အဲဒီကိစ္စတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေးပါဝင်ခဲ့သလို မျက်မှောက်ကာလမှာ ရိုဟင်ဂျာတွေ လွှတ်မြောက်ရေးလည်း ပါဝင်တယ်။ ဒါဟာ လူ့ကျင့်ဝတ် လူ့ဂုဏ်သိက္ခာနဲ့ ဆိုင်သလို နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့လည်း ဆိုင်တယ်။ ဒီ ကမ္ဘာကြီးရဲ့ တနေရာမှာ မတည်မငြိမ်ဖြစ်နေပြီး အကြမ်းဖက်မှုတွေ တိုးပွားလာနေပြီဆိုရင် ဘယ်သူမှလုံခြုံမှုမရှိနိုင်ဖူးလို့ သူကပြောပါတယ်။ ဒါ့အပြင် Mr. Ed Royce အက်ဒ် ရွိုက်စ် က လက်ရှိဖြစ်ပွားနေတဲ့ ပြသနာတွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။


ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်မှာနေထိုင်သူအားလုံးရဲ့ လုံခြုံရေးကို သူမအနေနဲ့ ဦးစားပေး ဆောင်ရွက်ဖို့လိုတယ်လို့ ပြောကြားသွားခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့လက ဒေါ်အောင်ဆန်းစုကြည်ထံကို သူပေးပို့ခဲ့တဲ့စာထဲမှာ မြန်မာပြည်မှာနေထိုင်သူအားလုံး လူမျိုးဘာသာမရွေး လုံခြုံဖို့အတွက် သူမဦးဆောင်တဲ့အစိုးရနဲ့ မြန်မာ့တပ်မတော်မှာ တာဝန်ရှိကြောင်း၊ ရက်စက်ကြမ်းကြုပ်မှုကျူးလွန်ခဲ့သူတွေကို ဥပဒေအတိုင်း အရေးယူဖို့လိုကြောင်း ရှင်းရှင်းလင်းလင်း ရေးသားခဲ့တယ်လို့လည်း သူကပြောပါတယ်။

မြန်မာအစိုးရဟာ ရိုဟင်ဂျာမွတ်စလင်တွေကို ဆယ်စုနှစ်များစွာ စံနစ်တကျဖိနှိပ်ခဲ့တယ်။ မျိုးဆက်ပေါင်းများစွာ အဲဒီဒေသမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ရိုဟင်ဂျာတွေကို ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကလည်း နိုင်ငံသား မဖြစ်အောင် တားဆီးထားတယ်။ အဲဒီလူတွေဟာ လွတ်လပ်စွာသွားလာခွင့်မရှိသလို ကျန်းမာရေးနဲ့ ပညာရေး ခံစားခွင့်တွေလည်း မရရှိခဲ့ပါဖူး။ မြန်မာအစိုးရအဖွဲ့ရဲ့ အောက်ခြေက ထိပ်ဆုံးအထိ အဆင့်ဆင့်ကလည်း ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံခဲ့ကြတယ်လို့ Mr. Royce ကပြောပါတယ်။


ဒါ့အပြင် အခုလိုထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို စောင့်ရှောက်ထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်ကြောင်း၊ အဲဒီဒုက္ခသည်တွေအတွက် သမတ ထရမ့်အစိုးရက လူသားချင်းစာနာမှုအဖြစ် ဒေါ်လာ ၃၂ သန်းထောက်ပံ့မှာဖြစ်ကြောင်း၊ အဲဒီငွေတွေထဲက ဒေါ်လာ ၂၈ သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရရှိမှာဖြစ်ပြီး ကျန်ငွေကို ရခိုင်ပြည်နယ်အတွက် သုံးစွဲဖို့ မြန်မာနိုင်ငံကို ပေးအပ်မှာဖြစ်ကြောင်းလည်း သူကပြောပါတယ်။

ကြားနာပွဲကို တက်ရောက်ထွက်ဆိုတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှဆိုင်ရာ ဒုတိယ လက်ထောက်နိုင်ငံခြားဝန်ကြီး ပက်ထရစ် မာဖီ Patrick Murphy ကတော့ Ethnic Cleansing လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စကားလုံးကို ရှောင်ကွင်းပြီး ဒါဟာ Human Tragedy လူ့သားတွေရဲ့ ကြေကွဲစရာအဖြစ်ဆိုးတခုဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ရောက်ရှိနေတဲ့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာအကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ရာမှာ အင်အားမတန်တဆ အသုံးပြုခဲ့ကြောင်းလည်း သူကပြောပါတယ်။ မိမိတို့အစိုးရအနေနဲ့ မြန်မာပြည်တည်ငြိမ်ရေးအတွက် အခွင့်အလမ်းရှိသမျှကို အသုံးပြုနေကြောင်း အဲဒီ အချက်တွေထဲမှာ မြန်မာတပ်မတော်ကို အကန့်အသတ်နဲ့ ဆက်ဆံရေးလည်းပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပက်ထရစ်က စစ်တွေမြို့ကို သူရောက်ရှိခဲ့စဉ်အတွင်း ကြက်ခြေနီအဖွဲ့က ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ စက်လှေကို ဒေသခံတွေက တိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရကြောင်း၊ ဒေသခံရခိုင်လူထုက အဲဒီအကူအညီတွေဟာ သူတို့အတွက်မဟုတ်ပဲ ရိုဟင်ဂျာမွတ်စလင်တွေကိုပဲ အားလုံးပေးအပ်မယ်လို့ မှတ်ယူခဲ့ကြကြောင်း၊ ဒါဟာ သတင်းမှားတွေပျံ့နှံ့မှုနဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ လူမျိုးပေါင်းစုံအတွင်း နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံရတဲ့ သမိုင်းကြောင်းနောက်ခံတွေကြောင့် ဖြစ်ကြောင်းပြောပါတယ်။
ဒါကြောင့် ကျနော်တို့အနေနဲ့ လက်ရှိ ရခိုင်ပြည်နယ်က ပြသနာကို ဖြေရှင်းရာမှာ အစိုးရနဲ့ တပ်မတော်အပြင် ဒေသခံတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ လက်တွဲဆောင်ရွက်ဖို့လိုကြောင်း၊ သူတို့ရဲ့ လက်ခံယုံကြည်မှုကို ရရှိဖို့အထူးအရေးကြီးကြောင်း ပက်ထရစ် မာဖီကပြောပါတယ်။

မြန်မာ့တပ်မတော်ရဲ့ ခြေမှုံးမှုကြောင့် ရိုဟင်ဂျာမွတ်စလင် ၅ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့အတွက် နောက်ဆက်တွဲအဖြစ် ဒေသအတွင်း တည်ငြိမ်မှုကိုပျက်ပြားစေနိုင်သလို နိုင်ငံတကာအကြမ်းဖက်သမားတွေကို ဖိတ်ခေါ်သလိုလည်း ဖြစ်နေတယ်လို့ သူကပြောပါတယ်။

ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ် မာဖီကို လွှတ်တော်အမတ် Connolly ကော်နိုလီ အပါအဝင် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီဝင် တွေက ရခိုင်ပြည်နယ်က အခြေအနေဟာ သူတို့ရရှိထားတဲ့ သက်သေအထောက်အထားတွေအရ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်တယ်လို့ ထပ်မံပြောကြား ခဲ့ကြပါတယ်။

ကော်မတီဝင်တဦးဖြစ်တဲ့ Eliot Engel အဲလီယက် အင်းဂယ်လ် ကလည်း မြန်မာတပ်မတော်ကို သမတ အိုဘားမားလက်ထက်မှာ လျှော့ချပေးခဲ့တဲ့ ပိတ်ဆို့မှုတွေပြန်လည်ချမှတ်ဖို့ လက်ရှိ သမတ ထရမ့်အစိုးရအနေနဲ့ စဉ်းစားသင့်ကြောင်း ပြောကြားပါတယ်။

အမေရိကန်အောက်လွှတ်တော် Rayburn အဆောက်အဦးမှာ မနေ့ကကျင်းပတဲ့ ကြားနာပွဲကို ဘူးသီးတောင်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်းနဲ့ နာမည်ကျော် အမေရိကန် လက်ဝှေ့သမား မိုဟာမက် အာလီရဲ့ ဇနီး Khalilah Camacho-Ali ခါလီလာ ကမာချို အာလီ စတဲ့ မြန်မာ့အရေးစိတ်ဝင်စားသူ ၅ဝ ခန့်တက်ရောက်ပါတယ်။

ခါလီလာ အာလီက မြန်မာစစ်တပ်အနေနဲ့ သတ်ဖြတ်မှုတွေကို ချက်ခြင်းရပ်စဲဖို့လိုကြောင်း၊ ဒုက္ခသည်တွေကို ဆေးဝါးနဲ့ တခြားလိုအပ်ချက်တွေ အမြန်ဆုံးပံ့ပိုးဖို့လိုကြောင်း၊ မြန်မာအစိုးရဟာ တာဝန်မဲ့ပြုမူနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကိုထောက်ခံအားပေးနေကြောင်း စသဖြင့် ပြောပါတယ်။ ဒါ့အပြင် ခါလီလာ ကမာချို အာလီ က ရခိုင်ပြည်နယ်ကို သူမကြာခင်သွားရောက်ဖို့ စီစဉ်နေတယ်လို့လည်း RFA ကို ပြောကြား ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကန် အမတ်တွေပြောကြား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကန် အမတ်တွေပြောကြား Reviewed by THITHTOOLWIN on 07:55 Rating: 5
Powered by Blogger.