ရိုဟင်ဂျာအရေး"လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု" လို့ ကန်အစိုးရမသုံး

အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကအခြေအနေကို Ethnic cleansing လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုအဖြစ် အမေရိကန်လွှတ်တော်အမတ်တွေက ရည်ညွှန်းပြောဆိုတာတွေ ရှိနေပေမဲ့လဲ အမေရိကန် နိုင်ငံခြားရေးဌာနဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး တိတိကျကျ ဖြေဆိုသွားတာမရှိပါဘူး။ ဒီအခြေအနေဟာ ကြေကွဲဖွယ် လူသားဘေးဒုက္ခတခုဖြစ်တယ်လို့ပဲ နိုင်ငံ ခြားရေးဌာန တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

“ရိုဟင်ဂျာအကျပ်အတည်း မြန်မာနိုင်ငံက ဘေးဒုက္ခအပေါ် အမေရိကန်၏ တုံ့ပြန်ဆောင်ရွက်မှု” ဆိုတဲ့ခေါင်းစဉ်နဲ့ ကြာသပတေးနေ့က အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာလုပ်တဲ့ ကြားနာပွဲအတွင်း လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုအဖြစ် သတ်မှတ်ရေးနဲ့ပတ်သက်လို့ ကော်မတီဝင် လွှတ်တော်အမတ်တွေက အမေရိကန်နိုင်ငံခြားရေးဌာန၊ တာဝန်ရှိသူတဦးကို မေးခွန်းထုတ် ပြောဆိုခဲ့ကြတာပါ။

ကြားနာပွဲကို ဦးဆောင်လုပ်တဲ့ နိုင်ငံခြားရေးရာကော်မတီဥက္ကဌ၊ ကာလီဖိုးနီးယားပြည်နယ် ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ် Ed Royce က

“ကျနော်ကိုယ်တိုင်နဲ့ မစ္စတာ Engel အနေနဲ့ရော ဒီကော်မတီအနေနဲ့ပါ၊ မှတ်တမ်းတင်ထားဖို့ ပြောရမယ်ဆိုရင်၊ ဒါကို တကယ့် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုအဖြစ် ကျနော်တို့သတ်မှတ်ပါတယ်။”

ဒါပေမဲ့လဲ ကြားနာပွဲမှာ အမေရိကန်အစိုးရကိုယ်စား အစီရင်ခံတင်ပြပြီး မေးခွန်းတွေကိုဖြေဆိုခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကတော့ သူ့အထက်က နိုင်ငံခြားရေးဌာန အကြီးအကဲတွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley တို့ ပြောထားခဲ့ဖူးတာတွေကိုပဲ ပြန်ကိုးကားပြီး တုံ့ပြန်ခဲ့ပါတယ်။ လောလောဆယ်မှာ သီးခြားလုပ်ငန်းစဉ်တွေအဖြစ် လုပ်ဆောင် နေကြတာရှိကြောင်း၊ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကို ဆန်းစစ်နေကြောင်းပြောပြီး

“ဘယ်လိုခေါ်ဆိုမယ်ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးချက်တွေ ဘယ်လိုပဲရှိရှိ၊ ကျနော်တို့သိတာကတော့ ဒါဟာ ကျေကွဲဖွယ် လူသားဘေးဒုက္ခတခုပါပဲ။ လူပေါင်း သန်းဝက်လောက် နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးသွားပါတယ်။ ပြည်တွင်းမှာ အိုးအိမ်စွန့် ထွက်ပြေးနေရသူ သိန်းနဲ့ချီပြီးရှိပါတယ်။ အကြမ်းဖက်အခြေအနေတွေ ရပ်သွားစေဖို့၊ လူသားစာနာမှုအကူအညီတွေ ပေးပို့ဖို့၊ ဒါ့အပြင် နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်တွေနဲ့ ဆန့်ကျင်ပြီး ရက်စက်တဲ့လုပ်ရပ်တွေနဲ့ ချိုးဖောက်မှု ကျူးလွန်ခဲ့သူတွေ ကို ဖော်ထုတ်ရေး အခုကိုပဲ အရေးယူလုပ်ဆောင်ဖို့ လိုပါတယ်။”

ကော်မတီဝင် တခြားလွှတ်တော်အမတ်တချို့က မစ္စတာ Murphy အနေနဲ့ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုအဖြစ် တိတိကျကျ သတ်မှတ်ပြောဆိုတာမျိုး မလုပ်တဲ့အပေါ် ဘ၀င်မကျဖြစ်ပြီး နောက်ထပ်မေးခွန်းတွေ ထုတ်ခဲ့ကြပေမဲ့လဲ မစ္စတာ Murphy က တော့ ကြေကွဲဖွယ် လူသားဘေးဒုက္ခတခု ဖြစ်တယ်ဆိုတာကိုပဲ ခံပြီး ဖြေဆိုခဲ့ပါတယ်။

လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ပေါ်မှာပဲ တနည်းအားဖြင့် အလေးပေး အာရုံစိုက်ရ မှာဖြစ်ကြောင်း၊ ဘာဖြစ်ခဲ့တယ်ဆိုတဲ့ အတိအကျကိုသိနိုင်ဖို့ ဒါဟာ အသေအချာ သုံးသပ်တွက်ချက်ပြီး စီစဉ်ထားတဲ့ လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒါကို အားပေးထောက်ခံကြောင်း မစ္စတာ Murphy က ပြောပါတယ်။

အခုချိန်ထိတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရဘက်က လက်မခံသေးပါဘူး။

လက်ရှိမှာကိုပဲ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂရောက်နေပြီး လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ စတင်ဖို့ အဆင် သင့်ဖြစ်နေပြီဆိုတာ မစ္စတာ Murphy က ထည့်ပြောသွားပါတယ်။

“ကုလသမဂ္ဂ အဆင့်မြင့် တာဝန်ရှိသူတွေ မြန်မာနိုင်ငံကိုလာရောက်ပြီး ရှေ့ဆက်လုပ်ဆောင်နိုင်ခြေ နည်းလမ်းကို ဆွေးနွေးရေး ဖိတ်ကြားဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။ ဥက္ကဌကြီးပြောသွားသလိုပါပဲ၊ ကုလသမဂ္ဂအနေနဲ့ ရှေ့ဆက် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတခုကို ဖော်ထုတ်တာမှာ နယူးယောက်မှာရှိတဲ့ ကျနော်တို့ရဲ့ သံအမတ်ကြီးနဲ့အဖွဲ့ဟာ လုံခြုံရေး ကောင်စီနဲ့ ထဲထဲဝင်ဝင် ပူးပေါင်း လုပ်ဆောင်နေပါတယ်။ ကုလသမဂ္ဂအနေနဲ့က လုပ်လို့ရတဲ့ကဏ္ဍတွေ အများအပြားရှိတယ် ဆိုတာ ကျနော် အလေးအနက်ပြောချင်ပါတယ်။ လူသားချင်းစာနာမှု၊ တာဝန်ယူ တာဝန်ခံမှု၊ လူ့အခွင့်အရေး စသည်အားဖြင့် လုပ် ဆောင်နိုင်ပြီး အဲဒီကဏ္ဍအားလုံးမှာ ကျနော်တို့ဘက်က တွန်းအားပေးနေပြီးတော့ မြန်မာနိုင်ငံတွင်းမှာ သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လဲ အားပေးနေပါတယ်။”

လူသားချင်းစာနာမှု အကူအညီတွေကို အမေရိကန်တနိုင်ငံထဲက ပေးနေတာမဟုတ်သလို တနိုင်ငံထဲက ပေးတာမျိုးလဲ မဖြစ်သင့် ဘူးလို့ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mark Storella က ကြားနာပွဲ အတွင်း ပြောသွားပါတယ်။ ဗြိတိန်နိုင်ငံက အကူအညီ ဒေါ်လာ ၃၃ သန်းခွဲပေးထားပြီး ကျန်တဲ့နိုင်ငံတွေအနေနဲ့

“ဒိန်းမတ်က ဒေါ်လာ ၃. ၁ သန်း၊ သြစတြေးလျက ဒေါ်လာ ၄ သန်း၊ ဥရောပသမဂ္ဂက ယူရို ၃ သန်း၊ ကနေဒါက ဒေါ်လာ ၂.၁ သန်း၊ တောင်ကိုရီးယားက ဒေါ်လာ ၁ သန်းခွဲ၊ ဂျပန်က ဒေါ်လာ ၄ သန်းနဲ့ ဆော်ဒီ အာရေးဘီးယားက ဒေါ်လာ ၁၅ သန်း ကူညီထားပါတယ်။ ဒါက အစပဲရှိပါသေးတယ်။ အကူအညီပေးရေး ကတိက၀တ်ပြုမှုဆိုင်ရာ ညီလာခံတရပ်ကို အောက်တို ဘာလ ၂၃ ရက်နေ့ကျရင် ဂျီနီဗာမှာ ကျင်းပနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂ လူသားစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေး မှူး မစ္စတာ Lowcock က မနေ့က ကြေညာထားပါတယ်။ ဒါပေမဲ့ အသေးစိတ်တော့ မရသေးပါဘူး။ အဲဒီအချိန်ကျရင် နောက်ထပ် အကူအညီပေးရေး ကတိပြုဖို့ အဆင်သင့်ဖြစ်မလားဆိုတာ ကျနော်မသိပါဘူး။ ဒါပေမဲ့ ဒီဝန်ထုပ်ဝန်ပိုးကို တခြားနိုင်ငံတွေလဲ ကူညီသယ်ပိုးရေး တခြားအစိုးရတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့တော့ သေချာပေါက် ကျနော်တို့ အဆင်သင့်ရှိနေပါ့မယ်။”

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည်တွေ မှတ်ပုံတင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရက စပြီးလုပ်နေတဲ့အပေါ် ကျေးဇူးတင်တဲ့ အကြောင်းလဲ မစ္စတာ Storella ကပြောသွားပါတယ်။

ကြာသပတေးနေ့ကလုပ်တဲ့ ကြားနာပွဲဟာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ သီတင်းနှစ်ပတ်တောင် မရှိသေးတဲ့ အချိန်အတွင်း ဒုတိယအကြိမ်ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့တုန်းကလဲ တကြိမ်လုပ်ခဲ့ပါသေးတယ်။ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီမှာလဲ တံခါးဖွင့်ဆွေးနွေးပွဲတခုလုပ်ထားပြီး သိပ်မကြာခင်မှာ နောက်ထပ်ဆွေးနွေးပွဲတခု လုပ်မယ်လို့ လက်ရှိ အလှည့်ကျဥက္ကဌ ပြင်သစ်နိုင်ငံသံအမတ်ကြီးက ပြောထားပါတယ်။

ကျော်ကျော်သိန်း  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရိုဟင်ဂျာအရေး"လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု" လို့ ကန်အစိုးရမသုံး ရိုဟင်ဂျာအရေး"လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု" လို့ ကန်အစိုးရမသုံး Reviewed by THITHTOOLWIN on 07:55 Rating: 5
Powered by Blogger.