ဆူပူမှုတွေလုပ်ဆောင်ဖို့ ငွေပေးစည်းရုံးသူကို တရားစွဲဆိုထားကြောင်း ဒေါက်တာအောင်မိုးညို ပြော

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို တွေ့ရစဉ်။ Photo: RFA
ရခိုင်ပြည်နယ်မှာ ဆူပူမှုတွေ လုပ်ဆောင်ဖို့အတွက် မကွေးတိုင်းအတွင်း ငွေပေးပြီး လူစုနေသူကို မကွေးခရိုင် တရားရုံးမှာ တရားစွဲထားတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေအရ တရားရုံးက ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး တရားစွဲ ခံထားရသူရဲ့ နာမည်ကိုတော့ ထုတ်ဖော်မပြောလိုဘူးလို့ ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

"အဲဒါ အမှုဖွင့်ထားတယ်ဗျ။ အမှုဖွင့်ထားပြီးပြီနော့။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးသန်းဆွေ တရားလိုလုပ်ပြီးတော့ မကွေးခရိုင်တရားရုံးမှာ ဦးတိုက်လျှောက်ထား ပြီးပါပြီ။ လိုအပ်တာကိုတော့ ဥပဒေကြောင်းအရ သူတို့ ဆက်ပြီးတော့ မေးစရာရှိတဲ့သူမေး။ စစ်စရာ ရှိတဲ့သူ စစ်ကြာပေါ့လေ။ လျှောက်လွှာမှာတော့ ဘောင်ဝင်အောင်လို့ ဥပဒေကြောင်းအရ ဘယ်သူဘယ်ဝါ၊ ဘာညာ ဆိုတာတွေကတော့ ရေးထားတာရှိတယ်ဗျ။ နာမည်တွေ တပ်ပြီးတော့ ကျနော်တို့က မပြောလိုဘူးနော့"

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဆူပူမှုဖြစ်အောင်လုပ်ဆောင်ဖို့အတွက် မကွေးတိုင်းအတွင်းမှာ ငွေပေးပြီး စည်းရုံးနေသူတွေ ရှိတယ်လို့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က မီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

လိုက်ပါသူ တစ်ဦးကို ငွေကျပ် ငါးသိန်းပေးမယ်လို့ ပြောဆိုစည်းရုံးတာဖြစ်ပြီး ရခိုင်ပြည်နယ်ကိုသွားမယ့် ခရီးစဉ်အတွက် ကုန်ကျစရိတ် အကုန်ခံမယ်လို့ပြောပြီး စည်းရုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆူပူအောင်လှုံ့ဆော်ဖို့ ငွေပေးစည်းရုံးနေသူကို စက်တင်ဘာ ၂၉ ရက်နေ့မှာ တရားစွဲလိုက်တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဆူပူမှုတွေလုပ်ဆောင်ဖို့ ငွေပေးစည်းရုံးသူကို တရားစွဲဆိုထားကြောင်း ဒေါက်တာအောင်မိုးညို ပြော ဆူပူမှုတွေလုပ်ဆောင်ဖို့ ငွေပေးစည်းရုံးသူကို တရားစွဲဆိုထားကြောင်း ဒေါက်တာအောင်မိုးညို ပြော Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.