ပဲအစား နွေစပါး ပြောင်းစိုက်မဲ့ တောင်သူတွေကို ကူညီမယ်

 စပါးခြွေလှေ့နေသူ တောင်သူတစ်ဦး
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ လာမယ့် ဆောင်းရာသီမှာ ပဲအစား နွေစပါးစိုက်တဲ့သူတွေကို ကူညီပေးမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဦးအောင်သန်းဦးက ပြောပါတယ်။

မြန်မာနိုင်ငံကပဲကို အဓိက ဝယ်ယူနေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး မတ်ပဲ အပါအဝင် ပဲ ၃ မျိုးတင်သွင်းခွင့်ကိုကန့်သတ်လိုက်ပါတယ်။ အဲဒီလိုကန့်သတ်လိုက်တဲ့နောက်မှာ ပဲဈေးတွေ ထိုးကျသွားခဲ့တဲ့အတွက် ပဲစိုက်တောင်သူတွေအနေနဲ့ လာမဲ့ဆောင်းရာသီမှာ ပဲအစားအခြား သီးနှံတွေကို ပြောင်းစိုက်ဖို့ စဉ်းစားနေကြတာဖြစ်ပါတယ်။

အရင်က ပဲစိုက်ခဲ့တဲ့ ဧရိယာမှာ နွေစပါးပြောင်းစိုက်ချင်တဲ့ တောင်သူတွေကို လိုအပ်တဲ့မျိုးစပါးတွေ၊ သွင်းအားစုတွေကူညီပေးနိုင်ဖို့ စိုက်ဧကစာရင်းတွေကို ပြုစုနေပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဦးအောင်သန်းဦးကပြောပါတယ်။

အခုဘဏ္ဍာနှစ်မှာ ပြည်ပကိုဆန်တင်ပို့တဲ့ပမာဏဟာ တန်ချိန် ၂ သန်းကျော်နိုင်တဲ့အပြင် ထပ်မံဝယ်ယူမဲ့သူတွေရှိတဲ့အတွက် ဆန်ဈေးကွက်ကလဲ အခြေအနေကောင်းတယ်လို့သိရပါတယ်။

ပုဂ္ဂလိကပိုင်းက အခုလိုဆောင်ရွက်မဲ့ အစီအစဉ်နဲ့ပတ်သက်လို့ အစိုးရပိုင်းက ထိထိရောက်ရောက် ပံ့ပိုးကူညီမှုတွေတော့မရဘူးလို့ ဆန်စပါးအသင်းချုပ်ကပြောပါတယ်။

ဒါပေမဲ့ အစိုးရအနေနဲ့တော့ ပဲအစား စပါးပြောင်းစိုက်ချင်တဲ့ တောင်သူတွေအတွက် ရေးပေးဝေတာတွေ ဆောင်ရွက်နိုင်ဖို့ စတင်လေ့လာတာတွေ လုပ်နေပြီလို့ စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀ လောက်က တောင်သူတွေအနေနဲ့နွေစပါးကိုစိုက်ခဲ့ပေမဲ့လည်း ကုန်ကျစရိတ်များတာ၊ ဈေးနှုန်းမတည်ငြိမ်တာနဲ့ ရေရဖို့ခက်ခဲတာကြောင့် စပါးထက် တွက်ခြေကိုက်တဲ့ ပဲကိုပြောင်းလဲစိုက်ပျိုးခဲ့ တာပါ။

လာမဲ့နှစ်မှာ ပဲဈေးကွက် အခြေအနေမကောင်းတဲ့အတွက် ပဲအစား အခြားသီးနှံပြောင်းစိုက်နိုင်ဖို့အစိုးရနဲ့ အသင်းအဖွဲ့တွေက အကူညီတွေလုပ်ဆောင်နေပေမယ့် လက်တွေ့တကယ် ပြောင်းလဲစိုက်ပျိုးဖို့ဆိုတာကတော့ အခက်အခဲ၊အကျပ်အတည်းတွေ အများကြီးရှိနေသေးတယ်လို့ တောင်သူတွေကပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပဲအစား နွေစပါး ပြောင်းစိုက်မဲ့ တောင်သူတွေကို ကူညီမယ် ပဲအစား နွေစပါး ပြောင်းစိုက်မဲ့ တောင်သူတွေကို ကူညီမယ် Reviewed by THITHTOOLWIN on 16:06 Rating: 5
Powered by Blogger.