ခွန်တန် (ခေါ်) ဇာတ်လိုက်နှင့် အားပေးကူညီခဲ့သူများကို အမှုဖွင့်


မော်လမြိုင်၊ အောက်တိုဘာ ၂၅

ပန်းဦးလွှတ်သူဟု ကျော်ကြားသူ ခွန်တန်နှင့် အားပေးကူညီခဲ့ကြသောလှထွန်း၊သန်းလေး၊ဝင်းဗိုလ်၊ အောင်မြတ်စိုး၊ဆင်ကြီး မောင်ခင်တို့အား အရေးယူပေး ရန်အောက်တိုဘာ ၂၄ ရက်ကကာယကံရှင် မိန်းကလေး၏ဖခင် ဦးဝင်းညွန့်မှ လာရောက်အမှုဖွင့် ထားကြောင်း သထုံမြို့မရဲစခန်းထံမှ သိရသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ စေ့ဆော်မှုကြောင့် ပန်းဦးလွှတ်ဇာတ်လမ်းပေါ်ပေါက်ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က အောက်တိုဘာ ၁၉ ရက်နေ့တွင် ဖမ်းဆီးရန် ညွှန်ကြားထားသည်ဟုဆိုသော်လည်း ပြည်နယ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၁ ရက်နေ့ထိ အမှုဖွင့်ထားခြင်းမရှိဟု ပြောဆိုထားသည်။

လွန်ခဲ့သော၂၀၁၅ခုနှစ်၊ အောက်တိုဘာလအတွင်းက ည၈နာရီခန့်တွင်ဦးဝင်းညွန့်သည်မိသားစုနှင့်အတူနေအိမ်၌ရှိနေစဉ်တတရွာတည်းနေသူများဖြစ်သည့်လှထွန်း (နိဗ္ဗာန်ဆော်)၊အောင်မြတ်စိုး (လူပျိုခါင်း)၊ဝင်းဗိုလ် (ခွန်တန်)၏လက်ရင်းတပည့်တို့ ရောက်ရှိလာပြီးလှထွန်းမှခွန်တန် (ခ) ဇာတ်လိုက်ကဦးဝင်းညွန့်၏သမီးဖြစ်သူ ကိုလက်ထပ်မည်ဟုပြောဆိုခဲ့သဖြင့် ဦးဝင်းညွန့်မှသမီးဖြစ်သူသည်အသက်၁၅နှစ်ခန့်သာရှိ၍လက်မခံနိုင်ကြောင်းပြန်လည်ပြောဆိုခဲ့သဖြင့်နေအိမ်မှဆင်းသွားခဲ့ကြောင်း မှတ်တမ်းအရ သိရသည်။

နောက်တစ်နေ့နံနက်တွင်ဦးဝင်ညွန့်၏ သမီးဖြစ်သူအားခွန်တန် (ခ) ဇာတ်လိုက်မှခေါ်ယူထားရှိကြောင်း သိရှိရသဖြင့်လှထွန်း၏နေအိမ်သို့ သွားရောက်ကာ သမီးဖြစ်သူနှင့်ခွန်တန်(ခ)ဇာတ်လိုက်အားသဘောမတူကြောင်း၊သမီးဖြစ်သူအားနေအိမ်သို့ ပြန်ပို့ပေးရန်ပြောဆိုခဲ့ပြီး ဇရစ်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန့်ဇင်ထံသွားရောက်၍ရှင်းပြခဲ့ကြောင်း ယင်းရဲစခန်းမှတ်တမ်းအရ သိရသည်။

အဆိုပါည၉နာရီကျော်ခန့်တွင်ခွန်တန်(ခ)ဇာတ်လိုက်၏ယာဉ်မောင်းဖြစ်သူသန်းလေးနှင့် မောင်ခင်၊လှထွန်း၊ဝင်းဗိုလ်၊အောင်မြတ်စိုးတို့မှဦးဝင်ညွှန့်၏ သမီးဖြစ်သူကို နေအိမ်သို့လာရောက်ပို့ခဲ့ကြောင်း၊ နောက်နေ့ နံနက် ၇ နာရီခန့်တွင် ဦးဝင်ညွန့်၏ သမီးဖြစ်သူအား ခွန်တန်(ခေါ်)ဇာတ်လိုက်မှ တောင်ကြီးမြို့သို့ လာရောက်ခေါ်ဆောင် သွားခဲ့ပြီး ရက် ၂၀ ခန့်အကြာတွင် ရွာသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း၊ ယင်းနောက် လှထွန်းနှင့် ရွာသား ၁၀ ဦးခန့်မှ နေအိမ်သို့ ရောက်ရှိလာပြီး လက်ထပ်ပွဲ ပြုလုပ်ရန် ပြောဆိုသဖြင့် ဦးဝင်ညွှန့်မှ မတတ်သာ၍ ခွင့်ပြုပေးခဲ့ကြောင်း ယင်းရဲစခန်းမှတ်တမ်းအရ သိရသည်။

“ဒိကိစ္စကို စစ်ဆေးဆောင်ရွက်ပြီးမှ ဥပဒေနဲ့အညီ တရားစွဲတင်ဖို့ လုပ်မယ်”ဟု သထုံမြို့မ ရဲစခန်း ဒုရဲမှူး မောင်မောင်က ပြောကြားသည်။

လက်ထပ်ပြီးတစ်လခန့်ကြာတွင် ဦးဝင်ညွှန့်သည် နေအိမ်တွင် မရှိခိုက် သမီးဖြစ်သူအား နေအိမ်သို့ ပြန်ပို့ထားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အရွယ်မရောက်သေးသည့် သမီးဖြစ်သူအား ခိုးယူပေါင်းသင်းခဲ့သော ခွန်တန်(ခ) ဇာတ်လိုက်နှင့် အားပေးကူညီခဲ့ကြသည့် လှထွန်း၊သန်းလေး၊ဝင်းဗိုလ်၊အောင်မြတ်စိုး၊ဆင်ကြီး၊မောင်ခင်တို့ ၇ဦးအား သထုံမြို့မရဲစခန်းမှ (ပ)၈၈၉/၂၀၁၇၊ရာဇသတ်ကြီးဥပဒေပုဒ်မ၃၆၃၊ ၃၆၆၊ ၁၁၄ အရအမှုဖွင့် အရေးယူထားလျက်ရှိကြောင်း သိရသည်။

ဟင်္သာမီဒီယာ
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
ခွန်တန် (ခေါ်) ဇာတ်လိုက်နှင့် အားပေးကူညီခဲ့သူများကို အမှုဖွင့် ခွန်တန် (ခေါ်) ဇာတ်လိုက်နှင့် အားပေးကူညီခဲ့သူများကို အမှုဖွင့် Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.