အုပ်ချုပ်ရေးမှုး ရုံးတံဆိပ်အတု ပြုလုပ်ရာတွင် ရပ်ကွက်အငယ်တန်းစာရေး တစ်ဦးပါဝင်နေ


မြစ်ကြီးနား အောက်တိုဘာ ၁၈

မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးတံဆိပ်အတုပြုလုပ်ကာ အိမ်ခြံမြေ ရောင်းဝယ်မှု ပြုလုပ်ရာတွင် ရပ်ကွက်အငယ်တန်းစာရေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ဦးကို မြို့မရဲစခန်းတွင် အမှုဖွင့် ထိန်းသိမ်းထားကြောင်း ယင်းမြို့မရဲစခန်းမှ သိရသည်။

အောက်တိုဘာ ၁၆ရက် နေ့လည် ၂နာရီခန့်တွင် ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှုးကို တပ်ကုန်းရပ်ကွက်နေ ဦးနော့နော်မှ ၎င်း၏ဇနီး ဒေါ်ဒွမ်ဂျာဆင်နှင့် ဒေါ်ဝင်းသန်းတို့ နှစ်ဦးအမည်ပါ မြို့မြေခ ပေးဆောင်သည့် ဒူက ထောင်ရပ်ကွက် အမှတ်၄၂/၉၏ မြေခွန်ပြေစာ၎စောင်တွင် ပါရှိသော ဒူကထောင် ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတံဆိပ်ကို အစစ်ဟုတ်မဟုတ် စစ်ဆေးပေးရန် လာရောက်မေးမြန်းခဲ့ရာ ယင်းတံဆိပ်မှာ ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးတံဆိပ်အစစ်မဟုတ်ဘဲ အတုပြုလုပ်ကာ အိမ်ခြံမြေ ရောင်းဝယ်မှုကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။

`` အိမ်အပေါင်ခံတဲ့ စာချုပ်ပြေစာ အတုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ရုံးတံဆိပ်အဝိုင်းကို အတုပြုလုပ်တာ ဒေါ်ဝင်းသန်းပေါ့နော် သူရဲ့ပြောစကားအရ အတုပြုလုပ်တဲ့အခါ ရှေ့နေတစ်ယောက်နဲ့ အာလမ်ရပ် ကွက် အငယ်တန်း စာရေးမတစ်ယောက် ပါဝင်တယ်လို့ပဲ သိထားပါတယ် ´´ဟု ဒူကထောင်ရပ် ကွက် အုပ်ချုပ်ရေးမှုး ဦးနော်ဆန့်ကပြောသည်။

၂၀၁၇ အောက်တိုဘာ ၁၇ရက်ညနေ၅နာရီကျော်တွင် လယ်ကုန်းရပ်ကွက်ရှိ အိမ်ခြံမြေ ပွဲစား ဒေါ်ဘောက်နှုးနေအိမ်တွင် ဦးနောနော်မှ ဒေါ်ဝင်းသန်းကို ငွေကျပ်သိန်း၄၀ပေးရန် ချိန်းဆိုထားကြောင်း ပြောပြရာမှ အဆိုပါအိမ်တွင် ဝင်ရောက်ဖမ်းဆီးရာ ဒေါ်ဝင်းသန်းကို ဒူကထောင်ရပ်ကွက်အုပ်ချုပ်ရေးမှုး ရုံးတံဆိပ်ဝိုင်း အတုနှင့် ရာအိမ်မှုး အပိုင်း၃ ဒူကထောင်ရပ်ကွက် တံဆိပ်အတုကို ၂၀၁၇ခုနှစ် အောက်တိုဘာ ၁၆ရက် ရက်စွဲဖြင့် နှစ်ဦးသဘောတူ အိမ်ခြံမြေ အရောင်းအဝယ်စာချုပ်တစ်စောင် တွေ့ရှိရသဖြင့် ဒေါ်ဝင်းသန်း အား စစ်မေးရာ ဒေါ်ကြည်ဝင်းမှတစ်ဆင့် ဒေါ်စန်းမြင့်ဇင်(အာလမ်ကျေးရွာ အငယ်တန်းစာရေး)ထံ ဆက်သွယ်ပြီး ငွေ၃သိန်းကျပ်ပေး၍ အဆိုပါစာရေးမမှ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့မရဲစခန်း၏ မှတ်တမ်းအရ သိရသည်။
``ဒေါ်ဝင်းသန်းရဲ့ ဖော်ထုတ်ပြောပြချက်အရ ရပ်ကျေးစာရေးမတစ်ယောက်ရယ် ဒေါ်ကြည်ဝင်းရယ်ကို ဒီနေ့ပဲ ထိန်းသိမ်းလိုက်ပါတယ်´´ဟု မြို့မရဲစခန်းမှ တပ်ကြပ် သက်နိုင်ဦးကပြောသည်။

အဆိုပါ တရားခံဟု ယူဆရသူ ရပ်ကွက်အငယ်တန်းစာရေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ဦးကို အမှုအမှတ် (ပ)၃၄၅ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ (ပစ္စည်းကိုပေးအပ်စေရန် လိမ်လည်မှု့နှင့် လိမ်လည်မှု ပြုလုပ်ရန် အတုပြုမှု)ဖြင့် မြစ်ကြီးနားမြို့မရဲစခန်းတွင် အမှုရေးဖွင့်၍ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

မီးမီး / EPN
https://www.facebook.com/epngnews/

အုပ်ချုပ်ရေးမှုး ရုံးတံဆိပ်အတု ပြုလုပ်ရာတွင် ရပ်ကွက်အငယ်တန်းစာရေး တစ်ဦးပါဝင်နေ အုပ်ချုပ်ရေးမှုး ရုံးတံဆိပ်အတု ပြုလုပ်ရာတွင် ရပ်ကွက်အငယ်တန်းစာရေး တစ်ဦးပါဝင်နေ Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.