ခင်ဦးမြို့မဈေးအတွင်း၌ ဈေးဆိုင်ခန်းရှိပစ္စည်းများ ဖောက်ထွင်းခိုးယူခံရ


ခင်ဦး အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့မဈေးအတွင်း၌ ဈေးဆိုင်ခန်းရှိပစ္စည်းများ ဖောက်ထွင်းခိုးယူခံရ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့မဈေးခေါင်းဖြစ်သော ဦးမောင်မောင်သည် အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဈေးတံခါးများ လှည့်လည်ဖွင့်ပေးရာ ဈေးအတွင်းရှိ ကံ့ကော်ရုံ၊ နှင်းဆီရုံ၊ စံပယ်ရုံ၊ စကားဝါရုံနှင့် ပျံကျဈေးတန်းရှိ ဆိုင်ခန်းပေါင်း ၈ ခန်းမှ သော့ခလောက်များ ပျက်ဆီးနေပြီး တံခါးများပွင့်နေသည်ကို တွေ့ရှိရသဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးမှူး ဒေါ်ကေသွယ်မြမြဦးနှင့် ဈေးအကျိုးတော်ဆောင် ဦးဇော်ထိန်လင်းတို့ကို အကြောင်းကြားခဲ့ပါသည်။

 အဆိုပါ ဈေးတန်းရှိ ဖောက်ထွင်းခံရသော ဆိုင်ခန်းများကို ထပ်မံသွားရောက်စစ်ဆေးရာ ကံ့ကော်ရုံတန်းရှိ “ဦးလှသိန်း+ဒေါ်ဆန်းလှ” ရွှေပန်းထိမ်ဆိုင်ခန်းမှ ချက်ကျောက်သွေးပြီးသော အရောင်နှင့် အရွယ်ဆိုဒ်စုံ ဗူးကြီး ၁ ဗူး၊ နှင်းဆီရုံတန်းရှိ “ဦးတင်လှိုင်+ဒေါ်တင်အေး” ဆိုင်ခန်းမှ ဘော်လီအင်္ကျီဆိုဒ်စုံ အထည် ၃၀ ၊ အမျိုးသမီးဝတ်အတွင်းခံ ဘောင်းဘီ အထည် ၂၀ နှင့် အသင့်ချုပ်ပြီး အမျိုးသမီးဝတ်အင်္ကျီ ၁၀ ထည်၊ နှင်းဆီရုံတန်းရှိ “ဒေါ်မော်မော်” ဆိုင်ခန်းမှ ဘာရီ ကော်ဖီမစ် ၃ ဖာ၊ ကော်ဖီမစ် မျိုးစုံ အထုပ် ၄၀ နှင့် ပျံကျတန်းရှိ “ဒေါ်ပြားချို” အထည်ဆိုင် ခန်းမှ ကလေးဝတ်ပုဆိုး၊ လူကြီးဝတ်ယောပုဆိုးမျိုးစုံ အထည် ၂၀ ခန့် ပျောက်ဆုံးပြီး စုစုပေါင်း ကာလတန်ဖိုး ၅ သိန်းခန့် ဆုံးရှုံး၍ စံပယ်နှင့် စကားဝါရုံတန်းရှိ ဆိုင်ခန်းလေးခန်းမှာ သော့များပျက်ဆီး တံခါးများပွင့်နေသော်လည်း ပစ္စည်းများတစ်စုံတစ်ရာ ပျောက်ဆုံး ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ ခင်ဦးမြို့မဈေးခေါင်းဖြစ်သော ဦးမောင်မောင်မှ တရားလိုပြုလုပ်၍ မြို့မရဲစခန်းမှ အမှုဖွင့်ပြီး ဆိုင်ခန်းများ ဖောက်ထွင်း၍ ပစ္စည်းများခိုးယူသွားသော တရားခံအား အမြန်ဆုံး စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များက အပူတပြင်း ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေကြောင်း သိရသည်။

ချစ်စံ(ခင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခင်ဦးမြို့မဈေးအတွင်း၌ ဈေးဆိုင်ခန်းရှိပစ္စည်းများ ဖောက်ထွင်းခိုးယူခံရ ခင်ဦးမြို့မဈေးအတွင်း၌ ဈေးဆိုင်ခန်းရှိပစ္စည်းများ ဖောက်ထွင်းခိုးယူခံရ Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.