လူမှုကွန်ရက်ကို ထိန်းကျောင်းဖို့ အဆို ဆွေးနွေးမယ်

မြန်မာ အများစုက ဖေ့စ်ဘွတ် သုံးကြ
မြန်မာ နိုင်ငံမှာ လူမှုကွန်ရက်နဲ့ အင်တာနက် သုံးစွဲမှုတွေက လူငယ်တွေ အကျင့်စာရိတ္တ ပျက်ပြားစေပြီး ရပ်ရွာတည်ငြိမ်မှု ထိခိုက်စေ နိုင်တယ်ဆိုပြီး စောင့်ကြည့် ထိန်းကျောင်းဖို့ NLD လွှတ်တော် ကိုယ်စားလှယ် တင်သွင်း ခဲ့တဲ့ အဆိုကို ပြည်သူ့ လွှတ်တော်က ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဂန့်ဂေါ မြို့နယ် NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ရဲ့ အဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ ဖေ့စ်ဘွတ် ကို အဓိက သုံးကြတာ ဖြစ်ပြီး သတင်းစာဖတ်တာ ရေဒီယို နားထောင်တာတွေကိုတောင် မလုပ်တော့ဘဲ ဗဟုသုတ သိပ်မရှိသူ တချို့က ဖေ့စ်ဘွတ် မှာ ဖြန့်သမျှ သတင်းတွေ၊ အမုန်းစကားတွေ၊ သတင်းမှားတွေကို ယုံကြည် ကြတယ်လို့ ဒေါ်ယဉ်မင်းလှိုင်က ပြောပါတယ်။

ဒီအခြေအနေကို အသုံးပြုပြီး နိုင်ငံ မတည်ငြိမ်အောင် လုပ်ဆောင်သူတွေရှိနေတဲ့ အတွက် ထိန်းကျောင်း ပေးဖို့လိုအပ်တယ်၊ ဒီလို လုပ်ခြင်းအားဖြင့် ဖေ့စ်ဘွတ် ပုံမှန် သုံးစွဲသူတွေရဲ့ အခွင့်အရေးကို ထိခိုက် သက်ရောက်မှု ရှိမှာ မဟုတ်ဘဲ ပြည်သူတွေရဲ့ သတင်း ယူပိုင်ခွင့်ကို ထိန်းကျောင်း ပေးဖို့ရည်ရွယ်တာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံကို မတည်ငြိမ်အောင် လုပ်ဆောင်လိုတဲ့ အုပ်စုတွေက နာမည်အတုတွေ အမျိုးမျိုး သုံးပြီး အစိုးရ အဖွဲ့၊ လူပုဂ္ဂိုလ် တစ်ဦးချင်း ကိုပါ ထိခိုက်အောင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် နေတာတွေ ရှိတဲ့ အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အနေနဲ့ စောင့်ကြည့် အရေးယူဖို့ လိုအပ်တယ်လို့ လည်း ဒေါ်ယဉ်မင်းလှိုင်က ပြောပါတယ်။

တာဝန်သိ ပြည်သူတွေက သတင်းပေးတဲ့အခါ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သတင်းမှားတွေ ဖြန့်ချိ တာကို စိစစ်ပြီး ချက်ချင်း ပိတ်ပင် သင့်တယ် လို့လည်း သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
လူမှုကွန်ရက်ကို ထိန်းကျောင်းဖို့ အဆို ဆွေးနွေးမယ် လူမှုကွန်ရက်ကို ထိန်းကျောင်းဖို့ အဆို ဆွေးနွေးမယ် Reviewed by THITHTOOLWIN on 23:30 Rating: 5
Powered by Blogger.