မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှ ရွှေချထားသည့် ရွှေသားများကို ခွာယူနေသူအား ဖမ်းဆီးရမိ


မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ နောက်ကျောတော်တွင် ကုသိုလ်ရှင်များ ကပ်လှူပူဇော်ထားသည့် ရွှေသားများကို ခွာယူနေသူတစ်ဦးကို CCTVမှတ်တမ်းများမှ တဆင့် စောင့်ကြည့်ဖော်ထုတ် ဖမ်းဆီးရမိကြောင်း သိရသည်။

"ဒီနေ့ ညနေ ၃နာရီကျော်လောက်က ဂေါပကရုံး စီမံခန့်ခွဲရေးဌာနမှူးက ဘုရားကြီးလုံခြုံရေးအတွက် CCTVမှတ်တမ်းခန်းက ကြည့်ရှုနေတုန်းမှာ ရုပ်ရှင်တော်မြတ်ကြီးရဲ့ နောက်ကျောတော်မှာ ကုသိုလ်ရှင်တွေ ကပ်လှူပူဇော်ထားသည့် ရွှေသားများကို အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ရွှေသင်္ကန်းကပ်လှူသလိုနဲ့ ၄လက်မလောက်ရှိတဲ့ စတီးပိုက်အသုံးပြုပြီး ခွာယူနေတာတွေ့လို့ ဂေါပကအဖွဲ့နဲ့ ဝန်ထမ်းအဖွဲ့တွေ ဝိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းမှာ စီမံခန့်ခွဲရေးဌာနမှူးကိုယ်တိုင် တရားလိုပြုလုပ်တိုင်တန်း အမှုဖွင့် အရေးယူခဲ့တာပါ"ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ရွှေသားများကို ခွာယူနေသူမှာ ထွန်းအောင်ကျော်၊ ၃၀နှစ်(ဘ)ဦးမြင့်ခိုင်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်းလုပ်၊ အကွက်(၆၅၀)၊ အကြော်တန်းရပ်၊ မဟာအောင်မြေမြို့နယ်နေသူဖြစ်ပြီး ၎င်းအား ရွှေခွာရာတွင်အသုံးပြုသည့် အချင်း ၁လက်မခန့်၊ အရှည် ၄လက်မခန့်စတီးပိုက်နှင့် ခွာယူထားသည့် ရွှေသား (၃)ပဲသား(တန်ဖိုး ၁၇၀၀၀၀ိ/-)ကျပ်နှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်ကာ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၀)မြို့မရဲစခန်းမှ (ပ)၄၀၇/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉/၂၉၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဓာတ်​ပုံ-မဟာမုနိရုပ်ရှင်တော် CCTV မှတ်တမ်း
( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှ ရွှေချထားသည့် ရွှေသားများကို ခွာယူနေသူအား ဖမ်းဆီးရမိ မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှ ရွှေချထားသည့် ရွှေသားများကို ခွာယူနေသူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:35 Rating: 5
Powered by Blogger.