ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးနှုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆို


ရခိုင်ဂေဇက်၊ အောက်တိုဘာ ၁၇

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင်ရခိုင်​အမျိုးသားပါတီဗဟိုရုံးရှေ့ ၌လူ၁၀၀ ကျော်ခန့်မှ ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးနှုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည်​။

ယခုဆန္ဒပြခြင်းသည် ပါတီကို ဆန္ဒပြခြင်း မဟုတ်ဘဲ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးနှင့် အထွေထွေအလုပ်အမှုဆောင်ဦးထွန်းအောင်ကျော်တို့ကို ဆန္ဒပြခြင်းသာဖြစ်ကြောင်း ဦးဆောင်ဆန္ဒပြသူဦးအောင်ကိုမိုးမှ​ပြောသည်​။
``အခုဆန္ဒပြတာကတော့ ပြည်နယ်လွှတ်တော်အမတ်ဦးအေးသိန်းက မြို့နယ်ဥက္ကဌမလုပ်တော့ဘူးလို့ ဗဟိုရုံးမှာထွက်စာတင်ပြထားတယ်။ အဲ့ထွက်စာကိုလည်း တာဝန်ရှိသူတွေက လက်မှတ်ထိုးလို့ ရှိတယ်။ ရှိရက်သားနဲ့ ပါတီဥက္ကဌနေရာတင်မြှောက်တယ် စစ်တွေမြို့မှာ ရပ်ကျေးတွေရှိရက်သားနဲ့ ဦးခိုင်ပြည်စိုးနှင့် ဦးထွန်းအောင်ကျော်တို့က ဗဟိုရုံးမှာ မြို့နယ်ယာယီရုံးအဖြစ်ဖွဲ့တယ်၊ ရပ်ကျေးဖွဲ့တယ် သူတို့ခန့်လို့ဖွဲ့တယ်လို့ ဦးအေးသိန်းကိုယ်တိုင်ပြောပါတယ် ဒီသို့လုပ်တာဟာရခိုင်ပါတီကိုဖြိုခွဲရာရောက်တယ်လို့ထင်တယ်"ဟု ရခိုင်အမျိုးသားပါတီ ရပ်ကျေးဥက္ကဌဦးအောင်ကိုမိုးမှဆိုသည်။


``ပါတီတစ်ခုမှာတော့ ဆုံးဖြတ်ချက် ဆိုတာက လူတစ်ဦး တစ်ယောက်နဲ့ ဆုံးဖြတ်လို့မရပါဘူး။ ဒီကိစ္စတွေကိုစုံစမ်းစစ်ဆေးရေးရေးကော်မရှင်က စည်း/ထိန်းက စစ်ဆေးရတယ်။ တိုင်တန်းစာတွေရောက်တယ်။ အထူးသဖြင့်က စစ်တွေတစ်မြို့နယ်လုံးက ကောက်ခံ ထားတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ငွေကြေးတွေကို စာရင်းမပြနိုင်ဘူး။ ကိုယ်ရေးကိုယ်တာတွေမှာသုံးတယ်ဆိုပြီးတိုင်တန်းတယ်။ ဒီဟာတွေဟာလူသိရှင်ကြားဖြစ်လို့မရဘူး ဆိုပြီးထိန်းထားတယ်။ ဆိုတော့ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင်က စစ်ဆေးဖို့ အတွက် ကော်မရှင်ကိုတင်ပြတယ်။ စစ်ဆေးရေးမှာပါတဲ့ဦးအောင်သန်းဝေကလာမစစ်ဆေးဘူး။ သူအနေနဲ့ လာပြီးမရှင်းလင်းဘူး။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ လာရှင်းလိုက်လို့ ရှိရင် အလိုလို ရှင်းသွားမှာပါ။ ဒီတော့ ဒါကို ဗဟိုကော်မတီကို တင်ပြပြီးတော့ ဗဟိုကော်မတီကပဲထုတ်ပယ်လိုက်တာပဲဖြစ်ပါတယ်" ဒီအတွက်ကြောင့်လို့ထင်ပါတယ်ဟု ဆန္ဒပြခြင်းခံရသူ ထဲမှ တစ်​ဦးဖြစ်​သူရခိုင်​အမျိုးသားပါတီဒုဥက္ကဌ ဖြစ်​သူ ဦးခိုင်ပြည်စိုးကဆိုသည်။

ရခိုင်​အမျိုးသားပါတီ ANP သည် ရခိုင်ပြည်နယ်တွင် ၂၀၁၅ခုနှစ်​ ရွေးကောက်ပွဲတွင် မဲအများဆုံးနှင့် ပါတီဖြစ်ကာ ယခုအချိန်တွင် ပါတီမှနှုတ်ထွက်သူများလည်းရှိနေကြောင်းသိရသည်။

ဇွဲလင်းနိုင် (စစ်တွေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးနှုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆို ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးနှုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆို Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.