ငွေစက္ကူအတု သုံးဆွဲသူ ၂ ဦး ဖမ်းမိ


ဇီးကုန်းမြို့နယ်၊ မတ္တရာမြို့နှင့် အောင်မြေသာစံမြို့နယ်တို့၌ ငွေစက္ကူအတု(၁၀,၀၀၀)ကျပ်တန် (၁၆)ရွက်၊ (၅,၀၀၀)ကျပ်တန်(၁)ရွက် တွေ့ရှိ သိမ်းဆည်းမိပြီး ငွေအတု သုံးဆွဲသူ ၂ ဦး ဖမ်းဆီးရမိကြောင်း သိရပါသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ ၁၁၀၀ အချိန် ဇီးကုန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ နွားပွဲဈေး၌ ဦးအောင်ကြီး (၅၈)နှစ်၊ ကျွဲတဲရွာ၊ ဇီးကုန်းမြို့နေသူသည် ၎င်းပိုင်နွား(၁)ကောင်အား သန်းထိုက်(စိစစ်ဆဲ) အုန်းနှဲကျေးရွာ၊ အုတ်ဖို မြို့နယ်နေသူထံ (၅၆၅,၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရာ စရန်ငွေ (၁၅၀,၀၀၀)ကျပ်အား လက်ခံရရှိခဲ့ပြီး ရရှိငွေများအနက်မှ (၁၀,၀၀၀)ကျပ်တန် ငွေစက္ကူ(၁၀) ရွက်အနက်မှ (၁)ရွက်အား နွားအရောင်း အဝယ်လက်မှတ်ပြုလုပ်ရန် နွားပွဲဈေးကံထရိုက်သို့ ပေးအပ်စဉ် ငွေစက္ကူ အတုဖြစ်ကြောင်း သိရှိရပြီး ပြန်လည်စိစစ်ခဲ့ရာ ၎င်းစရံရရှိခဲ့သည့် (၁၅၀,၀၀၀)ကျပ် (၁၀,၀၀၀ ကျပ်တန် ၁၀ ရွက်၊ ၅,၀၀၀ ကျပ်တန် ၁၀ ရွက်)အနက် (၁၀,၀၀၀)ကျပ်တန် (၉)ရွက်မှာ အတု ဖြစ်ကြောင်း သိရှိရသဖြင့် ၁၂၃၀ ချိန် ဇီးကုန်းမြို့မရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ မှ ၂၀ ရက်နေ့အထိ မတ္တရာမြို့၊ အမှတ်(၂) ရပ်ကွက်၊ ကမ္ဘောဇဘဏ်ခွဲ(မတ္တရာ)သို့ လာရောက်ပေးသွင်းအပ်နှံသည့် ငွေများအနက်မှ ငွေစက္ကူ အတု (၁၀,၀၀၀)ကျပ်တန်(၃)ရွက်၊ (၅,၀၀၀) ကျပ်တန်(၁)ရွက်တို့အား တွေ့ရှိရသဖြင့် အောက်တိုဘာလ ၂၀ ရက်နေ့ ၁၆၄၀ အချိန် မတ္တရာမြို့မရဲစခန်းသို့ လာရောက်အပ်နှံခဲ့ ကြောင်းသိရှိရပါသည်။

အလားတူ အောက်တိုဘာလ ၁၉ ရက်နေ့ ၁၉၄၅ အချိန် အောင်မြေသာစံမြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညီမင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တို့ပါ ပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ လမ်း(၈၀)၊ နား/နှာခေါင်းဆေးရုံရှေ့ ပလက်ဖောင်း၌ လက်တွန်းလှည်းဖြင့် ညပိုင်းအအေးရောင်းချသူ ဦးသန်းမြိုင်၏ဆိုင်သို့ ဇင်မင်းထွန်း(ခ)ဝေယံ၊ အမရဌာနီအနောက် ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူမှ(၁၀,၀၀၀)ကျပ်တန် ငွေစက္ကူအတုဖြင့် အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ ညစဉ် အအေးလာဝယ်ကြောင်း သိရှိရသဖြင့် အသွင်ယူ စောင့်ကြည့်နေစဉ် ဇင်မင်းထွန်း(ခ)ဝေယံသည် အအေးဆိုင်သို့ ရောက်ရှိလာသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ ငွေစက္ကူအတု ပေး၍ အအေးဝယ်ခိုင်းသူမှာ ၄င်းသူငယ်ချင်း သူရိန်မောင်၏မိခင် မချယ်ရီ၊ (၃၇)နှစ်၊ ပုလဲငွေရောင်ရပ်ကွက်၊ အောင်မြေသာစံ မြို့နယ်နေသူ ဖြစ်ကြောင်း သိရှိရသဖြင့် ၂၁၃၀ အချိန် မချယ်ရီအား အောင်မြေသာစံမြို့မရဲစခန်းသို့ ခေါ်ဆောင် စစ်ဆေးခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့ ၀၄၁၀ အချိန် မချယ်ရီနှင့် ဇင်မင်းထွန်း(ခ)ဝေယံတို့ (၂)ဦး(ဖမ်းမိ)အား အောင်မြေသာစံမြို့မရဲစခန်း (ပ)၄၆၁/၂၀၁၇၊ ဗဟိုဘဏ်ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရပါသည်။

သစ်ထူးလွင်

ငွေစက္ကူအတု သုံးဆွဲသူ ၂ ဦး ဖမ်းမိ  ငွေစက္ကူအတု သုံးဆွဲသူ ၂ ဦး ဖမ်းမိ Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.