ငါးလောင်းပြိုင်လူသတ်မှုမှာ သုံးခဲ့တဲ့ ကျည်နဲ့အမျိုးအစားတူတယ် ဆိုပြီး ရေးသားတဲ့ ရဲအုပ်ကို ဖမ်းဆီး

ပန်းတောင်းမြို့နယ် ထုံးဘိုရဲစခန်းက ရဲအုပ် ၀င်းထွန်းနိုင်ကို တွေ့ရစဉ်။ Photo: Win Htun Naing - Kgn's facebook
ဦးဖြိုးကိုကိုတင့်ဆန်းအမှုမှာ ဖမ်းဆီးရမိထားတဲ့ ကျည်အမျိုးအစားဟာ ငါးလောင်းပြိုင်လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ ကျည်အမျိုးအစားနဲ့ ဆင်တူတယ်ဆိုပြီး လူမှုကွန်ယက် ဖေ့ဘွတ်မှာ ရေးသားခဲ့တဲ့ ပန်းတောင်းမြို့နယ်က ရဲအုပ် ၀င်းထွန်းနိုင် ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်လွင် က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် ရေးသားခဲ့တဲ့အတွက် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့အညီ အရေးယူထားတာ ဖြစ်တယ်လို့ ရဲမှူးကြီး စိန်လွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ညက နေပြည်တော်လေဆိပ်မှာ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အတူဖမ်းဆီးရမိခဲ့တဲ့ ကျည်ဆန်တွေဟာ ၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက်က ကျည်ဆန်တွေနဲ့ ဆင်တူနေတယ်ဆိုပြီး ပန်းတောင်းမြို့နယ် ထုံးဘိုရဲစခန်းက ရဲအုပ် ဝင်းထွန်းနိုင်က အောက်တိုဘာလ ၁၇ ရက်နေ့မှာ သူ့ရဲ့ဖေ့ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

နေပြည်တော်လေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တဲ့အတွက် ဦးဖြိုးကိုကိုတင့်ဆန်းအပါအဝင် ၃ ဦးကို မူးယစ်မှု၊ လက်နက်ဥပဒေတွေနဲ့ အမှုဖွင့် အရေးယူထားတဲ့အပြင် ဦးဖြိုးကိုကိုတင့်ဆန်းကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေပုဒ်မ ၆၁၊ (က)၊(င) အပါအ၀င် ပုဒ်မသုံးခုနဲ့ ထပ်တိုးအမှုဖွင့်ထားပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ နေအိမ်၊ ရုံးခန်းနဲ့ ဟိုတယ်တွေကို ရှာဖွေရာမှာ သုံးရက်အတွင်း ပစ္စတိုနဲ့ မောင်းပြန် ရိုင်ဖယ်စတဲ့ သေနတ်စုစုပေါင်း ၂၁ လက်၊ ကျည်ဆန်ပေါင်း ၁,၀၀၀ နီးပါး ရှာဖွေတွေ့ရှိထားပြီး ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ငါးလောင်းပြိုင်လူသတ်မှုမှာ သုံးခဲ့တဲ့ ကျည်နဲ့အမျိုးအစားတူတယ် ဆိုပြီး ရေးသားတဲ့ ရဲအုပ်ကို ဖမ်းဆီး ငါးလောင်းပြိုင်လူသတ်မှုမှာ သုံးခဲ့တဲ့ ကျည်နဲ့အမျိုးအစားတူတယ် ဆိုပြီး ရေးသားတဲ့ ရဲအုပ်ကို ဖမ်းဆီး Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.