အလံတရာဆရာတော် ဝင်စားသည်ဟုဆိုသော ခွန်တန်(ခေါ်)ဇာတ်လိုက် ရှမ်းပြည်နယ်သို့ ထွက်ပြေး


မော်လမြိုင်၊ အောက်တိုဘာ ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စရစ်ချောင်းကျေးရွာအုပ်စု၊ အလံတရာနယ်မြေတွင် အလံတရာဆရာတော်ဝင်စားသည်ဟု ဆိုသော ခွန်တန်(ခေါ်)ဇာတ်လိုက်သည် ရှမ်းပြည်နယ်၊ ဟိုပုန်းဘက်သို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“သူ့ကို အာဏာစက်နဲ့ဖမ်းဆီးဖို့ လုပ်တော့ ရှမ်းပြည်နယ်၊ ဟိုပုန်းဘက်ကို ထွက်ပြေးသွားတယ်။ မွန်ပြည်နယ်ကို ပြန်လာဖို့လည်း လမ်းမရှိဘူး။ ထွက်ပြေးနေတယ်။ ဒီမှာ အစည်းအဝေးဆုံးဖြတ်ချက် ချပြီး ဖမ်းမိန့်ထုတ်လိုက်တာနဲ့ ကြည့်ရတာ သတင်းပေါက်ကြားလို့ ထွက်ပြေးသွားတယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် နှစ်လခန့်က မွန်ပြည်နယ်ဥပဒေချုပ်နှင့် ကက်ဘိနက်အစည်းအဝေးတွင် တိုင်ပင်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ သာသနာညှိုးနွမ်းစေမှုဖြင့် ၂၅၉ (က)နှင့် ဖမ်းခိုင်းခဲ့သော်လည်း ခွန်တန်(ခေါ်)ဇာတ်လိုက်က ထွက်ပြေးသွားသည့်အတွက်ကြောင့် ကျန်အဖွဲ့ဝင် ၅ ဦးကို သထုံအချုပ်ထဲတွင် ရှိနေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

အဆိုပါ အလံတရာနယ်မြေတွင် ဆေးပြားသုံးစွဲခြင်း၊ ဆေးပြားရောင်းဝယ်ဖောက်ကားခြင်းများရှိနေသည်ကို သတင်းအချက်အလက်များစွာ ရရှိထားသည့်အပြင် အလံတရာနယ်မြေတွင် ခွန်တန်(ခေါ်)ဇာတ်လိုက်ဆိုသူနှင့် ၎င်း၏အဖွဲ့များက လုပ်ကိုင်ဆောင်ရွက်နေသည်ကိုလည်း သိရှိထားကြောင်း ၎င်းက ရှင်းပြသည်။

“နောက်ပြီးတော့ အုပ်စုဖွဲ့ အရက်သောက်ပြီးတော့ ညဘက်တွင် အရက်မူးပြီး အိမ်ရှေ့ဆဲဆိုတာတွေ သတင်းရရှိထားတာရှိတယ်။ အစသိကတည်းက အစိုးရအဖွဲ့အနေနဲ့ လုပ်ကိုင်ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေ လုပ်ကိုင်ဆောင်ရွက်နေတယ်။ အထူးသဖြင့်တော့ အဲဒီနယ်မြေက ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ဆောင်ရွက်နေပါတယ်”ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားသည်။

အလံတရာနယ်မြေတွင် ဖြစ်ပွားနေသည့် ပြဿနာနှင့် ပတ်သက်၍ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီထံ တိုင်ကြားစာနှစ်စောင် ရောက်ရှိထားကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌ သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

အဆိုပါတိုင်ကြားစာတွင် ခွန်တန်(ခ)ဇာတ်လိုက်နှင့် အဖွဲ့ကို ဘာသာတရားအပေါ်အခွင့်ကောင်းယူပြီး ဘာသာရေးမှိုင်းတိုက်၍ ရိုးသားသော ပအို့ဝ်တိုင်းရင်းသူမိန်းကလေး များအား ဖျက်ဆီးနေမှုအပေါ် ဖော်ထုတ်အရေးယူပေးရန်နှင့် အလိုမတူဘဲ သားမယာအဖြစ် ပြုကျင့်မှုအား ငွေကြေးဖြင့် ညှိနှိုင်းဖြေရှင်းမည်ဆို၍ ယနေ့ထိ ပြီးပြတ်အောင် ဖြေရှင်းမပေးဘဲ တာဝန်ပျက်ကွက်မှုအား အရေးယူပေးရန် တိုင်ကြားထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလံတရာနယ်မြေတွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဒေါ်ခိုင်ခိုင်လဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင် ကြမ်းတမ်းသောစကားလုံးများနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သော စကားလုံးများဖြင့် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။

ရွှေရိုး
Photo - Facebook
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
အလံတရာဆရာတော် ဝင်စားသည်ဟုဆိုသော ခွန်တန်(ခေါ်)ဇာတ်လိုက် ရှမ်းပြည်နယ်သို့ ထွက်ပြေး  အလံတရာဆရာတော် ဝင်စားသည်ဟုဆိုသော ခွန်တန်(ခေါ်)ဇာတ်လိုက် ရှမ်းပြည်နယ်သို့ ထွက်ပြေး Reviewed by THITHTOOLWIN on 03:11 Rating: 5
Powered by Blogger.