ရတနာထွန်းချောင်းကူးတံတား ယိုင်နဲ့အက်ကွဲမှုဖြစ်ပေါ်၍ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား

ဥယျာဉ်ကျေးရွာ ရတနာထွန်းချောင်းကူးတံတား မုန်တိုင်ချောင်းရေတိုက်စားမှုကြောင့် ယိုင်နဲ့အက်ကွဲမှုဖြစ်ပေါ်၍ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား
မိတ္ထီလာ အောက်တိုဘာ ၁၈

မိတ္ထီလာမြို့ နယ် မွေကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာအနီး မုန်တိုင်ချောင်း ရေတိုက်စားမှုကြောင့် ယင်းချောင်းအား အလှူရှင်မှ တည်ဆောက်ထားသည့် အကျယ် ၁၂ ပေ ၊ အရှည် ၁၂၈ ပေ သံကူ ကွန်ကရစ်အမျိုးအစား ရတနာထွန်း ချောင်းကူးတံတားမှာ ချောင်းရေတိုက် စားမှုကြောင့် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက တံတားအလယ်ပိုင်းနေရာတွင် ယိုင်နဲ့အက်ကွဲမှုဖြစ်၍ ဒေသခံ များအား ဖြတ်သန်းသွားလာခွင့် ယာယီ ပိတ်ထားကြောင်း သိရသည်။
''ဒီတံတားကို ၂ဝ၁ဝ မှာ တည် ဆောက်ပြီးတော့ ၂ဝ၁၁ ခုနှစ်မှာ ဖွင့် လှစ်ခဲ့တာပါ။ တံတားဖွင့်ပြီးနောက်ပိုင်း အခုလိုပဲ ချောင်းရေအပြည့်လာပေမယ့် တံတားကြမ်းခင်းထိတာတောင် ဘာမှ မဖြစ်ခဲ့ပါဘူး။ အခုကျတော့ ချောင်းကို ပြန်ပြီး ဆည်ဖို့လိုက်တာကြောင့်ရယ်၊ ချောင်းထဲကနေ သဲတွေ စုပ်ယူနေသူတွေ ရှိတာကြောင့်ရယ် ချောင်းက ပိုနက် လာတော့ အခုလိုချောင်းရေကြီးတဲ့ အချိန်မှာ ရေစီးပိုသန်လာပြီး တံတား အလယ်မှာရှိတဲ့ သံကူကွန်ကရစ်တိုင် တစ်လုံးကျိုးပြတ်ပြီး ချောင်းရေနဲ့မျော ပါသွားတယ်။ တံတားအလယ်အိပြီး တံတားပေါင် လက်ရန်းတွေလည်း ကွဲအက်မှုဖြစ်ပေါ်တာပါ ။ ဒီချောင်းကူး တံတားပေါ်ကနေ မွေကျေးရွာအုပ်စု အတွင်းက ဥယျာဉ် ၊ ထန်းတောကျေးရွာ အပါအဝင် ကျေးရွာ ၁၅ ရွာလောက် က ဒေသခံတွေ မြို့ပေါ်ကို လူမှုရေး၊ ကျန်းမာရေး ၊ ပညာရေး၊ ဈေးရောင်း ဈေးဝယ်တွေ နေ့စဉ်ဖြတ်သန်းသွားလာ နေတာပါ။ ဒီတံတားမရှိခင်က အဲဒီ ကျေးရွာက ဒေသခံတွေ မြို့ကို သွားလာဖို့  ခက်ခဲနေတာကို တွေ့ရတာ မို့  ငွေကျပ် သိန်း ၅၇ဝ မတည်အကုန် အကျခံပြီး ဆောက်လုပ်လှူဒါန်းခဲ့တာ ပါ။ အခု ပျက်စီးသွားတာကိုလည်း ကျွန်တော်ပြန်ပြီး လှူဒါန်းပြုပြင် တည်ဆောက်သွားမှာပါ''ဟု ထန်းတော ကျေးရွာဇာတိသား ရတနာထွန်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဦးမြင့်ထူး က ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး မုန်တိုင်ဆည် ရေပိုလွှဲမှလျှံကျစီးဆင်း သည့် မုန်တိုင်ချောင်းရေတိုက်စားမှု ကြောင့် ယိုင်နဲ့အက်ကွဲမှုဖြစ်ပေါ်သည့် ယင်းချောင်းကူးတံတားပေါ်မှ ကျေးရွာ ဒေသခံများ မော်တော်ယာဉ် ၊ ဆိုင်ကယ် များဖြင့် ဖြတ်သန်းသွားလာခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီမှ စတင်ကာ ယာယီ ပိတ်ထားပြီး မဖြစ်မနေ ဖြတ်သန်း သွားရမည့်လူများကိုမူ တစ်ဦးချင်း လမ်းလျှောက်ဖြတ်သန်းခြင်းကို ခွင့်ပြု ထားကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရတနာထွန်းချောင်းကူးတံတား ယိုင်နဲ့အက်ကွဲမှုဖြစ်ပေါ်၍ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား ရတနာထွန်းချောင်းကူးတံတား ယိုင်နဲ့အက်ကွဲမှုဖြစ်ပေါ်၍ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.