ဇေယျာဖြိုး၏ ကုမ္ပဏီကို ရှာဖွေရာတွင် သေနတ်အိတ်နှစ်လုံးတွေ့ရှိကြောင်း သက်သေထွက်ဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့တဲ့ သေနတ်သမားကြည်လင်း အပါအဝင် (၄)ဦးကို အောက်တိုဘာ (၁၃)ရက်က မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့တဲ့ ဗဟန်းမြို့မရဲစခန်းက ဒုရဲအုပ် ကျော်ကျော်ထွဋ်က ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်ရှိ ဇေယျာဖြိုးရဲ့ ရုံးခန်းကို သွားရောက် ရှာဖွေရာမှာ ပစ္စတိုသေနတ်ထည့်တဲ့ အိတ်နှစ်လုံးကို တွေ့ရှိခဲ့တယ်လို့ သက်သေ ထွက်ဆိုခဲ့ပါတယ်။

 ဇေယျာဖြိုးရဲ့ ရုံးခန်းမှာ သေနတ်ထည့်တဲ့ အိတ်အပြင် စကားပြောစက်တွေ၊ ရုံးစာရွက်စာတမ်း အချို့နဲ့ ဂန္ထဝင်တရားတော်စာအုပ်တို့ကို တွေ့ရှိခဲ့ကြောင်း ရဲအရာရှိက သက်သေထွက်ဆိုခဲ့တယ်လို့ ဦးကိုနီရဲ့ရှေ့နေ ဦးနေလက ပြောပါတယ်။

 ဇေယျာဖြိုးရဲ့ ရှေ့နေဒေါ်ပပဝင်းက ဒုရဲအုပ်ကျော်ကျော်ထွဋ်ကို ပြန်လှန်စစ်မေးရာမှာ ယခင်ရဲချုပ် ဇော်ဝင်းက ပေးအပ်ထားတဲ့ ဂုဏ်ပြုလက်မှတ်တွေ၊ ဆုတံဆိပ်တွေကို ပြသပြီး မေးခွန်းမေးမြန်းခဲ့တယ်လို့ ရှေ့နေတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 ဇေယျာဖြိုးရဲ့ ရှေ့နေမေးမြန်းတဲ့ ပြန်လှန် စစ်မေးချက်တွေအရ ဇေယျာဖြိုးရဲ့ ကုမ္ပဏီနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ချုပ်ဆိုထားတဲ့ စာချုပ်တွေရှိပြီး အဲဒီစာချုပ်တွေကိုတော့ သက်သေခံစာရင်းထဲမှာ ထည့်မထားဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

 လက်ရှိအချိန်မှာ သက်သေတွေကို စစ်မေးချက်တွေအရ အမှုနဲ့ပတ်သက်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့ရဲ့ ဆက်စပ်မှုတွေဟာ ပိုမိုပီပြင်လာပြီဖြစ်တယ်လို့လည်း ဦးရောဘတ်စန်းအာင်က ပြောပါတယ်။

 ဇေယျာဖြိုးရဲ့ ကုမ္ပဏီမှာတွေ့ရှိခဲ့တဲ့ သေနတ် အိတ်နှစ်လုံးက ဇေယျာဖြိုးရဲ့ ရုံးခန်းအတွင်းက ရှာဖွေတွေ့ရှိတာမဟုတ်ဘဲ လက်အောက်ဝန်ထမ်းတစ်ဦးရဲ့ အခန်းကနေ ရှာဖွေသိမ်းဆည်းရခဲ့တာဖြစ်တယ်လို့ ဇေယျာဖြိုးရဲ့ ရှေ့နေ ဒေါ်ပပဝင်းက ပြောပါတယ်။

ယခင်ရဲချုပ်ဇော်ဝင်းက ပေးအပ်ခဲ့တဲ့ ဂုဏ်ပြုလက်မှတ်တွေ၊ ဆုတံဆိပ်တွေကိုပြသပြီး မေးခွန်း မေးမြန်းတာကလည်း ဇေယျာဖြိုးဟာ စိတ်ရင်းကောင်းပြီး အလှူအတန်းရက်ရောသူ ဖြစ်တာကြောင့် အခုလိုအမှုမျိုးကို ကျူးလွန်ဖို့ ခဲယဉ်းသူဖြစ်တယ်ဆိုတာကို ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ မေးမြန်းခဲ့တာဖြစ်တယ်လို့ ဒေါ်ပပဝင်းက ပြောပါတယ်။

 ဇေယျာဖြိုးကုမ္ပဏီနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေဟာလည်း ရဲတပ်ဖွဲ့အဆောက်အအုံဆောက်လုပ်တဲ့ လုပ်ငန်းတွေ၊ ရဲတပ်ဖွဲ့သုံးမော်တော်ဘုတ်တွေဝယ်ယူတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ စာချုပ်တွေဖြစ်တယ်လို့ ဒေါ်ပပဝင်းက ပြောပါတယ်။

အခုရုံးချိန်းမှာ ဒုရဲအုပ်ကျော်ကျော်ထွဋ်အပါအဝင် ဆရာစံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်မောင်အေး၊ ရာအိမ်မှူး ဦးစည်သူအောင်၊ လေဆိပ်ကားပါကင်ဝန်ထမ်း အောင်ပိုင်ထွေးနဲ့ လေဆိပ် စီစီတီဗွီမှတ်တမ်းရုံးမှ မသဇင်ထွေး(ခ)မသိမ့်သိမ့်ထွေးတို့(၅)ဦးကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

 လက်ရှိမှာ အဲဒီလုပ်ကြံမှုအတွက် တရားလိုပြသက်သေ အယောက်(၈၀)တင်သွင်းထားရာမှာ တရားလိုပြသက်သေ(၄၇)ဦးကိုစစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

ဦးကိုနီလုပ်ကြံခံရမှုမှာ လက်နက်မှုကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၉(ဃ)(စ)၊ မြောက်ပိုင်းခရိုင်တရားရုံး ရာဇဝတ်ကြီးအမှုအမှတ် (၄၆/၂၀၁၇) နဲ့ တရားစွဲတင်ပို့ထားတာဖြစ်ပြီး အဲဒီအမှုမှာ သေနတ်သမား ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့(၂)ဦးကို ကျူးလွန်သူတွေအဖြစ် မင်္ဂလာဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး မြထွန်းကျော်က တရားလိုပြုလုပ်ကာ တရားစွဲ တင်ပို့ခဲ့တာဖြစ်ပါတယ်။

လူသတ်မှုကိုတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄/၂၁၂၊ မြောက်ပိုင်း ခရိုင် တရားရုံး ရာဇဝတ်ကြီးအမှုအမှတ် (၄၅/၂၀၁၇)နဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ကျူးလွန်သူတွေအဖြစ်တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က သီဟစိုးလွင်က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ဇေယျာဖြိုး၏ ကုမ္ပဏီကို ရှာဖွေရာတွင် သေနတ်အိတ်နှစ်လုံးတွေ့ရှိကြောင်း သက်သေထွက်ဆို ဇေယျာဖြိုး၏ ကုမ္ပဏီကို ရှာဖွေရာတွင် သေနတ်အိတ်နှစ်လုံးတွေ့ရှိကြောင်း သက်သေထွက်ဆို Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.