မြဝတီမြို့တွင် လူရွှင်တော်နှင့်ဇာတ်သမားအား ပြဇာတ်မင်းသား မှ ဓါးထိုးမှုဖြစ်ပွါး


ကရင်ပြည်နယ်၊ မြဝတီမြို့သဲပုံဂိတ်အတွင်း ကပြဖျော်ဖြေလျက်ရှိသောရွှေဂွန်းဇာတ်သဘင်မှစက်တင်ဘာ၂၉ရက်နေ့ည၉နာရီခွဲအချိန်တွင် လူရွှင်တော်နှင့်ဇာတ်သမားအား ပြဇာတ်မင်းသားမှ ဓါးထိုးမှုဖြစ်ပွါးရာ မြဝတီမြို့မရဲစခန်းမှ တစ်နာရီအတွင်း ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ  မြဝတီမြို့၊အမှတ် ၂ ရပ်ကွက်၊ သဲပုံဂိတ်အတွင်း ကပြဖျော်ဖြေလျက်ရှိသည့်  ရွှေဂွန်း  ဇာတ်သဘင်မှ ဇာတ်မင်းသားကြီး၏ ဖုန်းအား ပြဇာတ်မင်းသား ဇွန်းကိုကိုဆိုသူမှ ခိုးယူသွားကြောင်းအနီးဝန်းကျင်တွေ့မြင်သူများ၏ပြောပြချက်အရ သိရှိရပြီး လူရွှင်တော်ရဲနောင်ထွန်းနှင့် ဇာတ်သမားနေလင်းတို့မှလိုက်လံရှာဖွေရာ မြဝတီမြို့ ၊အမှတ် ၅ ရပ်ကွက်၊ သဖန်းပင်ဂိတ်အနီး ဇွန်းကိုကိုအားတွေ့ရှိကာ ဖုန်းအားပြန်လည်တောင်းယူစဉ် ဇွန်းကိုကိုက ပြန်မပေးဘဲ၎င်းတွင်အသင့်ယူဆောင်လာသည့် စတီးခေါက်ဓါးဖြင့် ရဲနောင်ထွန်း နှင့်နေလင်းတို့အားထိုး၍ထွက်ပြေးသွားကြောင်းသိရသည်။

အခင်းဖြစ်စဉ်မှဓါးထိုးခံရသူနှစ်ဦး (မစိုးရိမ်)ရ ဒဏ်ရာများရှိ၍ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီး တွင်ရဲဆေးစာဖြင့်တက်ရောက်ကုသလျက်ရှိ ကြောင်းသိရသည်။

အခင်းဖြစ်ကိစ္စနှင့်ပတ်သက်ပြီး မြဝတီမြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်များမှ မြဝတီမြို့ရှိ  လမ်းမ၊လမ်းဆုံ၊လမ်းကြို ၊လမ်းကြား၊ ဝင်ဂိတ် ထွက်ဂိတ်များအားပိတ်ဆို့ရှာဖွေစဉ်  ည၁၀နာရီခွဲအချိန်တွင် အမှတ် ၂ သဲပုံဂိတ်အနီး၌ ပြဇာတ်မင်းသားဇွန်ကိုကိုအား  သက်သေခံ အရိုးအသွား ၆လက်မခန့်ရှိ စတီးခေါက်ဓါးနှင့်အတူ သက်သေများရှေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အမှုမှလူရွှင်တော်နှင့်ဇာတ်သမားအားဓါးဖြင့်ထိုးခဲ့သူ ပြဇာတ်မင်းသား ဇွန်းကိုကို (၂၄)နှစ်၊ (ဘ)ဦးမောင်ဌေး၊ မြသပိတ်ဘုရားလမ်း၊ သထုံမြို့နေသူအား မြဝတီမြို့မရဲစခန်း( ပ)၁၀၀၉ /၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ထား ကြောင်းသိရသည်။

မင်းသူ/ထွန်းထွန်းထွေး (ဘားအံ)
https://thanlwinnews.com
မြဝတီမြို့တွင် လူရွှင်တော်နှင့်ဇာတ်သမားအား ပြဇာတ်မင်းသား မှ ဓါးထိုးမှုဖြစ်ပွါး မြဝတီမြို့တွင် လူရွှင်တော်နှင့်ဇာတ်သမားအား ပြဇာတ်မင်းသား မှ ဓါးထိုးမှုဖြစ်ပွါး Reviewed by THITHTOOLWIN on 00:05 Rating: 5
Powered by Blogger.