ARSA အစွန်းရောက်အကြမ်းဖက်သမားများက တစ်ဖက်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ


နေပြည်တော်၊ အောက်တိုဘာ ၎

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုခံရပြီး တစ်ဖက်နိုင်ငံသို့ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသည့် မောင်တောမြို့နယ်၊ ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦး၊ ဟိန္ဒူဘာသာဝင် စုစုပေါင်း ၁၆ ဦး မြန်မာန်ုင်ငံသို့ သို့ ပြန်လည်ရောက် ရှိလာခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များအား စက်တင်ဘာလ ၂၂ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားရာ၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းတွင် အသက်မသေဘဲရောက်ရှိနေသည် ဟု သတင်း ထွက်ပေါ်နေရသော ဟိန္ဒူဘာသာဝင်အမျိုးသမီး ၆ ဦးနှင့် ကလေးငယ် ၃ ဦးတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး နယ်ခြားစောင့်တပ်များ အချင်းချင်း တောင်းခံထားပြီး ဖြစ်သော်လည်း သံတမန်လမ်းကြောင်းမှတစ်ဆင့်လည်း ထပ်မံ တောင်းခံသွားရန် လမ်းညွှန်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းခံခဲ့သည့်အပြင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အောက်တိုဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွင် ရောက်ရှိနေသော ဟိန္ဒူဘာသာဝင်အမျိုးသမီးများအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။

ယခုအခါ ARSA အစွန်းရောက်အကြမ်းဖက်သမားများက တစ်ဖက်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦး၊ စုစုပေါင်း ဟိန္ဒူဘာသာဝင် ၁၆ ဦးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ပြန်လည်ရောက်ရှိလာသူများမှာ မရီခါး(၂၅နှစ်)၊ မအော်နီကာ(၂၀နှစ်)၊ မဖော်မီလာ(၁၈နှစ်)၊ မဂေါင်ဂါ(၂၀နှစ်)၊ မဂူရဘူနီ (ခေါ်)ရှူရှီလာ(၁၉နှစ်)၊ မဘီနာဖာလာ(၂၂နှစ်)၊ မပူရ်ဂျာ(ခေါ်)ရုစ်စနာ(၁၈နှစ်)၊ မရာခ်ျကူမာရီ(၁၅နှစ်) နှင့် ဟိန္ဒူဘာသာဝင် ကလေးငယ် (၈) ဦး၊ စုစုပေါင်း ဟိန္ဒူဘာသာဝင် (၁၆) ဦးတို့ဖြစ်ကြပြီး ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် ရဲဘောက်ကျ ကျေးရွာမှ ဟိန္ဒူ ဘာသာဝင်များအား ဘင်္ဂါလီအကြမ်းဖက်သမားများက အဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ ၎င်းတို့၏ မျက်စိရှေ့တွင် အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်း သိရှိရသည်။

ပြန်လည် ရောက်ရှိနေပြီ ဖြစ်သော ဟိန္ဒူဘာသာဝင်အမျိုးသမီးများ၏ ဖွင့်ဟပြောဆိုချက်များအရ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် နံနက် ၈ နာရီခန့်တွင် ဝတ်စုံအမဲဝတ်ဆင် ထားသည့် နိုင်ငံခြားသား အကြမ်းဖက်ခေါင်းဆောင်အပါအဝင် ခမောင်းဆိပ်ကျေးရွာ မှ ဘင်္ဂါလီအကြမ်းဖက်ခေါင်းဆောင် နိုရူလောက်(ဘ) ရှူနာများတို့ဦးဆောင်သော ခမောင်းဆိပ်ကျေးရွာမှ ဘင်္ဂါလီရွာသား ၅၀၀ ဦးခန့်သည် ရဲဘောက်ကျကျေးရွာသို့ ရောက်ရှိလာကြောင်း၊ ယင်းရွာသားများတွင် ရော်ဖီး၊ ဟာမိ၊ ဟယ်ရာ၊ လာကိုရာ၊ မာမက်ဒူလောက်၊ ဖာရီကာနှင့် ဖေရယ်နာ ဆိုသူများ ပါဝင်သည်ကို မှတ်မိကြောင်း၊ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများနှင့် တုတ်၊ဓား လက်နက်များကိုင်ဆောင်ထား သည့် လူအုပ်စုကြီးသည် ယခုပြန်လည်ရောက်ရှိလာသည့် မအော်နီကာ၏ နေအိမ် ဘက်ခြမ်းမှ စတင် ဝင်ရောက်လာပြီး ရွာအတွင်းရှိ ဟိန္ဒူဘာသာဝင်နေအိမ်များသို့ တစ်ပြိုင်တည်း ဝင်ရောက်၍ ရွှေ၊ ငွေ အဖိုးတန်ပစ္စည်းများနှင့် တယ်လီဖုန်းများကို လုယူသိမ်းဆည်းပြီး “လက်ရှိနေတာ မင်းတို့ရွာမဟုတ်ဘူး၊ ငါတို့ပိုင်တဲ့ နယ်မြေ၊ ငါတို့ပဲ ပိုင်တာ၊ မင်းတို့လည်း တပ်တွေ ရဲတွေနဲ့အတူတူပဲ၊ ဗုဒ္ဓဘာသာတွေ၊ အုတ်ခဲ၊ ကျောက်တုံးနဲ့လုပ်တဲ့ ရုပ်တုကို ကိုးကွယ်နေတဲ့သူတွေ မင်းတို့အားလုံးကို သတ်ပစ်မယ်” ဟု ပြောဆို၍ ဘုရားကျောင်းဆောင်များအား ကန်ကျောက်ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းရှိ ယောက်ျားများ၏ မျက်နှာအား အဝတ်နှင့် စည်းနှောင်ခြင်း၊ လက်နောက်ပြန်ကြိုးတုပ်ခြင်းများ ပြုလုပ်၍ ရွာအတွင်း၌ မိန်းမ၊ ယောက်ျားခွဲ၍ တစ်နေရာစီစု၍ တန်းစီခိုင်းကြောင်း၊

ယင်းနောက် နံနက် ၁၀ နာရီခန့်တွင် ရွာသူရွာသားများအား ယောက်ျား၊ မိန်းမ သီးခြားစီ ခွဲ၍ ဘော်တလာကျေးရွာဘက်သို့ ဖမ်းဆီးချုပ်နှောင်ခေါ်ဆောင်ခဲ့ပြီး လိုက်ပါရန် ငြင်းဆန်ရုန်းကန်သူများအား တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခေါ် ဆောင်ခဲ့ကြောင်း၊ ဘော်တလာကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် ၎င်းနေရာ၌ ယခင် မြေကျင်း ၂ ကျင်းတူးထားသည်ကို တွေ့ရှိရပြီး ရွာသားများရောက်ရှိပြီးနောက် နောက်ထပ်ကျင်း ၁ ကျင်း ထပ်မံတူးခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်သမားများက ယောက်ျားများအား ဦးစွာ လည်လှီး၍သတ်ခြင်း၊ ဓားများဖြင့် ခုတ်ဖြတ်သတ်ဖြတ် ခြင်းများ ပြုလုပ်ပြီး ကျင်းများအတွင်း ထည့်သွင်းခဲ့ကြောင်း၊ ယင်းနောက် ကျန်ရှိသည့် မိန်းမများနှင့်ကလေးများအား ထပ်မံသတ်ဖြတ်ပြီး ကျင်းများအတွင်း ထည့်သွင်း မြှုပ်နှံ ခဲ့ကြောင်း၊ မိန်းကလေးများအထဲမှ အသက် ၁၅ နှစ်နှင့် ၂၅ နှစ်အကြားရှိ ရုပ်ရည် ချောမောလှပသည့် မိန်းမငယ် ၈ ဦးကိုမူ အကြမ်းဖက်ခေါင်းဆောင် နိုရူလောက်က ဒီကောင်မလေးတွေလှတယ်၊ အစ္စလာမ်ဘာသာကို သွင်းရမည် ဟု ပြော၍ မသတ်ဘဲ ထားရှိခဲ့ကြောင်း၊

ထိုသို့အကြမ်းဖက်ဘင်္ဂါလီများက ရဲဘောက်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် များကို အသက်မသေဘဲ ကျန်ရစ်သူ ဟိန္ဒူအမျိုးသမီးငယ် ၈ ဦး၏ ရှေ့တွင်ပင် အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး နေ့လယ် ၁၂ နာရီခန့်မှ ညနေ ၆ နာရီခန့်အထိ လူစုလူဝေးဖြင့် ဝိုင်းဝန်းသတ်ဖြတ်၍ ကျင်းတူးမြှုပ်နှံခဲ့ကြောင်း၊ ထို့နောက် ဟိန္ဒူအမျိုးသမီးငယ် ၈ ဦးနှင့် ၎င်းတို့၏ ကလေးငယ်များအား ဘော်တလာ ကျေးရွာအနီးရှိ နွားခြံသို့ ဆက်လက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းအုပ်စုတွင် ပါဝင်သည့် မရီခါး၏ သားဖြစ်သည့် ဖော်လာဆိုသူ ၃ နှစ်အရွယ် ယောက်ျားလေး ၁ ဦးမှာ ၎င်း၏ ရှေ့တွင်ပင် ဖခင်ဖြစ်သူအား ဓားဖြင့် လည်လှီးသတ်ဖြတ်ခဲ့သည်ကို တွေ့မြင်ခဲ့ပြီးနောက် ယခုအချိန်အထိ တွေ့သည့်သူများအား “ပါပါဟာလာ” (အဖေခေါင်းဖြတ်ခံရတယ်) ဟု ကြောက်ရွံ့စွာ ပြောဆိုနေကြောင်း၊ ယင်းနောက် ဟိန္ဒူမိန်းမငယ်များနှင့် ကလေး များအား ဘင်္ဂါလီလူမျိုး ၅ ဦးကို အစောင့်အဖြစ်ထား၍ ကျန်လူအုပ်ကြီးသည် ရဲစခန်းများကို သွားရောက်တိုက်ခိုက်မီးရှို့မည်ဆိုပြီး ထွက်ခွာသွားကြောင်း၊ ကျန်ရစ်သည့် ဘင်္ဂါလီအစောင့် ၅ ဦးမှာ ဘော်တလာရွာသား ရော်ဖီး၊ ဖယ်ရာနာနှင့် ရဲဘောက်ကျရွာသား ရူလီယာ၊ မာမွတ်အာလောင်နှင့် ဇူဘိုင် တို့ဖြစ်သည်ကို မှတ်မိကြောင်း၊

ည ၁၂ နာရီခန့်တွင် အကြမ်းဖက်ဘင်္ဂါလီများ လူစုလူဝေးဖြင့် ပြန်လည် ရောက်ရှိလာပြီး ဘော်တလာရွာမှ ရော်ဖီဆိုသူ၏ နေအိမ်သို့ ဟိန္ဒူအမျိုးသမီးငယ် ၈ ဦးနှင့် ကလေးငယ်များအား ဆက်လက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဩဂုတ် ၂၆ ရက်အထိ ယင်းအိမ်တွင်ပင် အစောင့် ၅ ဦးနှင့်ထားရှိကြောင်း၊ အစောင့်ဘင်္ဂါလီများ ကလည်း ကိုင်ဆောင်ထားသည့် ဓားများကိုပြပြီး “ဒီနိုင်ငံဟာ ငါတို့နိုင်ငံ၊ မင်းတို့ တိုင်းရင်းသားနိုင်ငံမဟုတ်ဘူး၊ ဒီနိုင်ငံကို ငါတို့သိမ်းမယ်” ဟု ထပ်မံခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း၊ ဟိန္ဒူဘာသာဝင်များဖြစ်၍ အမဲသားမစားသော်လည်း အမဲသား နှင့် ထမင်းစားခိုင်းကြောင်း၊ ထိုသို့ဖမ်းဆီးထားချိန်တွင် ၎င်းအိမ်၌ မွတ်ဆလင်ဘင်္ဂါလီ များစွာ ရှိနေပြီး မွတ်ဆလင်အမျိုးသမီးများ၏ ပြုမူပြောဆိုနေထိုင်ပုံများကိုလည်း သင်ကြားကြောင်း၊ ဩဂုတ် ၂၇ ရက် ညနေ ၃ နာရီခန့်တွင် ရော်ဖီဦးဆောင်သည့် အစောင့် ၅ ဦးတို့က ဟိန္ဒူအမျိုးသမီး ၈ ဦးနှင့် ကလေးငယ်များအား ခေါ်ဆောင်၍ ရွာမှ ထွက်ခွာခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်တွင် နယ်စပ်ခြံစည်းရိုးသို့ရောက်ရှိပြီး ပါလာသည့် အစောင့်ဘင်္ဂါလီများက ခြံစည်းရိုးသံဆူးကြိုးများအား ဖြတ်တောက်ခဲ့ ကြောင်း၊ ၎င်းအချိန်တွင် BGB တပ်အချို့ရောက်ရှိလာ၍ မြန်မာနယ်စပ်အတွင်းရှိ တောင်ကုန်းတစ်ကုန်းသို့ ပြန်လည်ဝင်ရောက်ညအိပ်ခဲ့ကြောင်း၊ ဩဂုတ် ၂၈ ရက် နံနက် ၆ နာရီခန့်တွင် နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်၍ ကူတူပါလောင် ဒုက္ခသည်စခန်းသို့ ကားဖြင့်ခေါ်ဆောင်ခဲ့ရာ နေ့လယ် ၁၁ နာရီတွင် ဒုက္ခသည်စခန်း သို့ရောက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် မွတ်ဆလင်ဘင်္ဂါလီလူမျိုးများ နှင့် အတူထားရှိပြီး အစ္စလာမ်အမျိုးသမီးဝတ်စုံ ဘူခါကို ခြုံခိုင်းကြောင်း၊ ယင်းနောက် မွန်းလွဲ ၁ နာရီခန့်တွင် နိုင်ငံခြားသား မီဒီယာများ(အင်္ဂလိပ်စကား ပြောသူများက) တွေ့ဆုံမေးမြန်းရာတွင် ၎င်းတို့သင်ကြားပေး သည့်အတိုင်း မိမိတို့၏ခင်ပွန်းများနှင့် မိသားစုဝင်များအား စစ်တပ်နှင့် တိုင်းရင်း သားများက သတ်ဖြတ်ခဲ့ပြီး မိမိတို့အားလည်း စစ်တပ်က သတ်မည်စိုး၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု လိမ်လည်ပြောဆိုခဲ့ရကြောင်း၊ ၎င်းတို့က ခိုင်းသည့်အတိုင်း မပြောပါက မိမိတို့၏ကလေးငယ်များအား လည်လှီး၍ သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းကြောင့် ၎င်းတို့သင်ပေးသည့်အတိုင်း ပြောဆိုခဲ့ရကြောင်း၊

ယင်းနောက် ဟိန္ဒူအမျိုးသမီး ၈ ဦးထဲမှ အသက် ၁၅ နှစ်အရွယ်ရှိ အပျို ဖြစ်သူမရာခ်ျကူမာရီအား မွတ်ဆလင်ဘင်္ဂါလီ ၁ ဦးနှင့် လက်ထပ်ပေးရန် စီစဉ်နေစဉ် ၎င်းသတင်းကို ကူတူပါလောင်ဒုက္ခသည်စခန်းတွင် အလုပ်လုပ်ကိုင်နေသည့် ဟိန္ဒူ ဘာသာဝင် ဘာဘူဆိုသူက သိရှိသွားပြီး မိမိတို့ဟိန္ဒူဘာသာဝင်အား အစ္စလာမ် ဇာတ်သွင်းနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဟိန္ဒူဘာသာရေးခေါင်းဆောင် ရှော်ဖော်နံရှော်ရ်မာရော်နီ ထံ ဆက်သွယ်သတင်းပို့ပေးခဲ့ကြောင်း၊ အဆိုပါဘာသာရေး ခေါင်းဆောင်မှ BGB တပ်ဖွဲ့ဝင် ဟိန္ဒူဘာသာဝင် ၁ ဦးနှင့် ဆက်သွယ်၍ ကူတူပါလောင် ဒုက္ခသည်စခန်းကို သွား ရောက်ရှာဖွေစစ်ဆေးခဲ့ရာမှ ဟိန္ဒူဘာသာဝင် အမျိုးသမီး ငယ် ၈ ဦးနှင့်ကလေးငယ်များကို တွေ့ရှိခဲ့ကြောင်း၊ ဒုက္ခသည်စခန်းတွင် ရောနှော နေထိုင်သည့် အစွန်းရောက် အကြမ်းဖက်သမားများမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသည်။

ပြန်လည်ရောက်ရှိလာသော ဟိန္ဒူဘာသာဝင် ၁၆ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားရှိပြီး လိုအပ်သည့်ထောက်ပံ့ကူညီမှုများ၊ နှစ်သိမ့်ဆွေးနွေး၍ စိတ်ဓါတ်မြှင့်တင်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

Information Committee
https://www.facebook.com/InfomationCommittee/
ARSA အစွန်းရောက်အကြမ်းဖက်သမားများက တစ်ဖက်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ARSA အစွန်းရောက်အကြမ်းဖက်သမားများက တစ်ဖက်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ Reviewed by THITHTOOLWIN on 11:14 Rating: 5
Powered by Blogger.