ANP ပါတီမှ ခေါင်းဆောင်နှစ်ဦးအားထုတ်ပယ်ရန် ဆန္ဒပြတောင်းဆိုရာတွင် ကျောင်းဝတ်စုံနှင့် ကျောင်းသား ကျောင်းသူများ ပါဝင်မှု စုံစမ်း စစ်ဆေးနေ


နိရဉ္စရာ၊ အောက်တိုဘာ ၁၇

ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးနှင့် အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်တို့အား ပါတီမှ နုတ်ထွက်ပေးရန် တောင်းဆို ဆန္ဒပြရာတွင် ကျောင်းသား ကျောင်းသူများပါဝင်မှုကို စုံစမ်း စစ်ဆေးမှု ပြုလုပ်နေကြောင်း ရခိုင်ပြည်နယ် ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းမှ နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ဒီလို ကျောင်းသား ကျောင်းသူတွေ ဆန္ဒပြရာမှာ ပါဝင်တာကို သတင်းကြားတယ်။ ဘယ်ကျောင်းက ကျောင်းသားကျောင်းသူတွေ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ စုံစမ်းနေပါတယ်” ဟု ဦးအောင်ကျော်ထွန်းမှ ပြောကြားသည်။

ယနေ့ နေ့လယ် တစ်နာရီကျော်က စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ ဌာနချုပ်ရှေ့တွင် လူတစ်ရာနီးပါးခန့် ဆန္ဒပြရာတွင် ကျောင်းဝတ်စုံများနှင့် ကျောင်းသား ကျောင်းသူ ၃၀ နီးပါးခန့် ပါဝင်ခဲ့သည်ဟု သိရသည်။

“ ဒီကျောင်းသား ကျောင်းသူတွေကို ဆန္ဒပြ ဦးဆောင်သူတွေက စည်းရုံး ခေါ်ဆောင်တယ် ဆိုရင် ဒီအပေါ်မှာ ကျွန်တော်တို့က အရေးယူ ဆောင်ရွက်သွားမယ်။ ကျောင်းသား ကျောင်းသူတွေက ကိုယ့်သဘောနဲ့ ကိုယ်ဝင်ရောက် ဆန္ဒပြတယ်ဆိုရင်လည်း ဒါက မဖြစ်သင့်တဲ့ အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားပြီး လိုအပ်သလို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

ယနေ့ ပြုလုပ်သော ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ဦးဆောင်သူ ဦးအောင်ကိုမိုးအား နိရဉ္စရာ သတင်းဌာနမှ အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း လက်ခံ ဖြေဆိုခြင်း မရှိသည့်အပြင် နောက်ပိုင်းဖုန်းဆက်ရာတွင်လည်း ဖုန်းပိတ်ထားကြောင်း ဖုန်းထဲမှ အကြောင်းပြန်ကြားသဖြင့် ယနေ့ ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

ဆန္ဒပြသူများသည် ANP ပါတီ ဖြိုခွဲမည့် အကြံ ငါရို့ (ငါတို့ လက်မခံ)၊ ANP ဖြိုခွဲသူများအား ဖယ်ရှားပေးရေး စသည့် အချက်များကို ဆန္ဒပြစဉ် အတွင်း တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara
ANP ပါတီမှ ခေါင်းဆောင်နှစ်ဦးအားထုတ်ပယ်ရန် ဆန္ဒပြတောင်းဆိုရာတွင် ကျောင်းဝတ်စုံနှင့် ကျောင်းသား ကျောင်းသူများ ပါဝင်မှု စုံစမ်း စစ်ဆေးနေ ANP ပါတီမှ ခေါင်းဆောင်နှစ်ဦးအားထုတ်ပယ်ရန် ဆန္ဒပြတောင်းဆိုရာတွင် ကျောင်းဝတ်စုံနှင့် ကျောင်းသား ကျောင်းသူများ ပါဝင်မှု စုံစမ်း စစ်ဆေးနေ Reviewed by THITHTOOLWIN on 06:35 Rating: 5
Powered by Blogger.