ဟိန္ဒူအလောင်းများတူးဖော်ရရှိမှု VOA သတင်းထောက်ရဲ့တွေ့ရှိချက်

မြန်မာနိုင်ငံအခြေစိုက်ပြည်ပမီဒီယာများနှင့် ပြည်တွင်းမီဒီယာများ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်ရုပ်အလောင်းများ တွေ့ရှိရာနေရာများသို့ သွားရောက် သတင်းယူ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာအနီး ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်းတွေ ရှာဖွေ တွေ့ရှိထားတဲ့ နေရာနဲ့ မောင်တောမှာရှိတဲ့ မွတ်စလင်ကျေးရွာတခု ကို ဒီကနေ့ မြန်မာနိုင်ငံအခြေစိုက် ပြည်တွင်းပြည်ပ သတင်းမီဒီယာတချို့ သွားရောက် ကြည့်ရှု မေးမြန်းခွင့် ရခဲ့ပါတယ်။ ကျမတို့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က ဒီကနေ့ သူ တွေ့ခဲ့ရတဲ့အခြေအနေ မေးမြန်းခဲ့တာတွေနဲ့ ပတ်သက်လို့ ခုလို ပြောပြပါတယ်။

“ဒီကနေ့ ကျနော်တို့သွားတာကတော့ တပ်မတော်ကနေပြီးတော့ စီစဉ်ပေးတဲ့ ခရီးစဉ်နဲ့သွားတာပေါ့လေ။ ဒီခရီးစဉ်ဆိုတော့ ကျနော်တို့ ရန်ကုန်ကနေ စစ်တွေ ၊ စစ်တွေကနေပြီးတော့မှ ကျနော်တို့ ဟိန္ဒူအလောင်းတွေ ၄၅ လောင်းကို တူးဖော်တွေ့ရှိထားတဲ့နေရာပေါ့ အဲဒီနေရာကတော့ မောင်တောမြို့နယ်ထဲက ခမောင်းဆိပ်မြို့နားလေးက ရဲဘော်ကျားကျေးရွာကိုသွားတယ်။ အဲဒီမှာကတော့ ကျနော်တို့ တူးဖော်ထားတဲ့နေရာကတော့ အဓိကတော့ ပထမက ၂၈ လောင်းတွေ့ထားတဲ့နေရာရယ်၊ နောက်တခုက ၁၇ လောင်းတွေ့ထားတဲ့နေရာရယ်ပေါ့လေ ၊ ၂၄ ရက်နေ့က ၂၈ လောင်းတွေ့တယ်၊ ၂၅ ရက်နေ့က ၁၇ လောင်းတွေ့တယ်ဆိုတဲ့နေရာလေးကို လိုက်ပြပါတယ်။

ပြတဲ့အခါ အဲဒီနေရာမှာတော့ ကျနော်တို့တွေ့တာ သတင်းမီဒီယာသမားတွေရောက်လာတဲ့အချိန်မှာ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေက အဲဒီနားမှာပဲ ရှိနေကြတယ်။ ရှိနေတော့ အဲဒီလူတွေရဲ့ ငိုယိုသံတွေကိုလည်းကြားရတယ်ပေါ့နော်။ တွေ့တွေ့ချင်းမှာတော့ အဲဒီမှာတော့ ကျနော်တို့ အဲဒီသေဆုံးတဲ့သူတွေကို မှတ်တမ်းဓါတ်ပုံရိုက်တာတွေ၊ ဗွီဒီယို ရိုက်တာတွေ ရှိတယ်ပေါ့လေ။ အဲဒီမှာတော့ အငြင်းပွားနေတဲ့ ကိစ္စပေါ့ဗျာ၊ သေတဲ့လူတွေမှာ စစ်တပ် က သတ်တယ်လို့ပြောတယ် တချို့လူတွေက စစ်တပ်ကသတ်ပြီးတော့မှ ဒီလို လုပ်တယ်ဆိုပြီးတော့မှ ပြောဆိုတာတွေလည်းရှိတယ်ပေါ့လေ။ အစိုးရဘက်က ထုတ်ပြန်တာလည်း ARSA ကနေသတ်တယ်လို့ ပြောတာတွေလည်းရှိတယ်။ ရှိတော့ အဲဒါတွေနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့မေးပါတယ်။

ဒီကိစ္စကို ဦးဆောင်ပြီးတော့မှ အလောင်းတွေကိုရှာဖွေတဲ့အထဲမှာပါတဲ့ ဦးမော်နီဆိုတဲ့ ပုဂ္ဂိုလ်ကတော့ တွေ့ရှိချက်တွေကိုပြောပြတာကတော့ သေဆုံးသူတွေ အလောင်းတွေကိုတွေ့တာက ပထမ အဓိကအချက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အကြမ်းဖက်သမားတွေကဖမ်းဆီးခေါ်ဆောင်သွားတဲ့ဟိန္ဒူအမျိုးသမီး ၈ ယောက်ကနေပြီးတော့မှ ရင်းနှီးတဲ့လူတွေကို ပြန်ဆက်သွယ်လာတယ်။ ဆက်သွယ်လာပြီးတော့မှ ဒီနေရာ ဒီနေရာတွေမှာတော့ ဒီလူတွေကို သတ်ထားတယ်ဆိုပြီးတော့မှ သူတို့ကနေပြီးတော့ပြောတယ်။ ပြောတဲ့ဆိုတဲ့သတင်းအရ အစိုးရအာဏာပိုင်တွေကို အကြောင်းကြားပြီးလာရှာတယ်လို့ပြောပါတယ်။

အဲဒီဟိန္ဒူအမျိုးသမီး၈ ယောက်က သူတို့ကို အကြမ်းဖက်သမားတွေကနေပြီးတော့မှ သူတို့ဘာသာထဲဝင်ရမယ်ဆိုပြီးတော့မှ ဘာသာထဲကိုဝင် မသတ်ဘူးဆိုပြီးတော့ ချိမ်းခြောက်ခေါ်ဆောင်သွားပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကူတုပလောင်စခန်း မှာစောင့်နေတယ်လို့ပြောပါတယ်။ ဆိုတော့ အဲဒီလူတွေရဲ့ ပြောဆိုချက်အရ အမျိုးသမီး ၈ ယောက်ကပြောတဲ့ သတင်းအရ လာရှာဖွေတဲ့အချိန်မှာ ပထမမှာ ကလေးနဲ့ အမျိုးသမီးတွေ သေဆုံးသွားတာတွေကို သူတို့တွေ့တယ်၊ ရုပ်အလောင်း ၂၈ လောင်းကိုတွေ့တယ်။ နောက် အဲဒီအမျိုးသမီးတွေပြောဆိုချက်အရပဲ နောက်တနေရာကို ထပ်ရှာတဲ့အချိန်မှာ ၁၇ လောင်းကိုတွေ့တယ်လို့ပြောပါတယ်ခင်ဗျ။ ဒီအလောင်းတွေမှာတော့ လည်ပင်းကို လှီးဖြတ်ထားတဲ့ဟာမျိုးတွေ၊ မျက်စိကိုပိတ်ထားတာမျိုးတွေ တွေ့တယ်ပေါ့။ အဲဒါတွေကတော့ အနီးအနားက ရွာသားတွေ၊ သတ်ဖြတ်တာဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ အခုလိုလုပ်တာဆိုပြီးတော့ ပြောတာတွေလည်းရှိပါတယ်။ မောင်တောကိုရောက်တဲ့အချိန်မှာတော့ ပန်းတော်စဉ်လို့ခေါ်တဲ့ မွတ်ဆလင်ကျေးရွာမှာကတော့ မပြေးပဲနဲ့နေတဲ့ ရွာသူရွာသားတွေလည်းရှိပါတယ်။ ကလေးတွေလည်းတွေ့ရတယ်၊ အဲဒီနေရာမှာလည်း တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့ကနေပြီးတော့ သွားရောက်ပြီးတော့ ဆေးကုသပေးနေတာကိုလည်း တွေ့ရပါတယ်ခင်ဗျ။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဟိန္ဒူအလောင်းများတူးဖော်ရရှိမှု VOA သတင်းထောက်ရဲ့တွေ့ရှိချက် ဟိန္ဒူအလောင်းများတူးဖော်ရရှိမှု VOA သတင်းထောက်ရဲ့တွေ့ရှိချက် Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.