ပြည်သူ့စစ်ခေါင်းဆောင်တဦးကို RCSS/SSA သတ်ဖြတ်သည်ဟု JMC – U အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်စွပ်စွဲပြောဆို

Photo: တပ်မတော်အရာရှိ JMC – U အတွင်းရေးမှူး - ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲပြုနေပုံ ( Photo by : CMT)
စက်တင်ဘာ ၂၂ ရက် ၂၀၁၇

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးတွင် သုံးရက်ကြာ ကျင်းပ သည့် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC – U အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲ ၌ တပ်မတော်အရာရှိ JMC – U အတွင်းရေးမှူး - ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြည်သူ့စစ်ခေါင်းဆောင်တဦးကို RCSS/SSA က သတ်ဖြတ်သည်ဟု စွပ်စွဲပြောဆိုလိုက်သည်။

တပ်မတော်အရာရှိ JMC – U အတွင်းရေးမှူး - ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က သတင်းထောက်များအား - “သက်သေထွက်ဆိုချက်အရ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်အောင်ကို သတ်တာက RCSS အဖွဲ့ဝင် စိုင်းတစ် ဆိုတဲ့သူ ဖြစ်တယ်လို့ JMC – S ကနေပြီး တင်ပြလာတာ ရှိတယ် …. ” - ဟု ပြောသည်။

ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC – S (ပြည်နယ်) က ၄ ဦးပါ စီစစ်ရေးကော်တီ တရပ်ဖွဲ့စည်းကာ ဒေသအတွင်း ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့ကြောင်း၊ သက်သေများထွက်ဆိုချက်အရ ယနေ့ စက်တင်ဘာ ၂၂ ရက် အစည်းအဝေးနောက်ဆုံးနေ့၌ ဆွေးနွေးကြကြောင်း၊ ထိုကိစ္စအား RCSS/SSA ကိုယ်စား လှယ် က RCSS/SSA အဖွဲ့တွင် စိုင်းတစ်ဆိုသူ မရှိကြောင်း ဆွေးနွေးသည်ဟု ဗမက ၀ဏ္ဏအောင်က သတင်း ထောက်များအားပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက - “ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ စဖြစ်ကတည်းက ကျနော်တို့လူ လုပ်တာမဟုတ်ဘူး လို့ကျနော်တို့ဘက်ကနေ စာရေးအကြောင်း ကြားထားတယ်။ အဲဒီဒေသမှာ စိုင်းတစ် ဆိုတဲ့သူ ကျနော်တို့မှာမရှိဘူး။ ပျောက်ကျားဝတ်စုံဝတ် တိုင်း ကျနော်တို့လူလားပေါ့။ ဒါ ကျနော်တို့ ကို သက်သက် နာမည်ဖျက်ချင်တာလား၊ ဒါမှ မဟုတ် တပ်မတော်ဘက်ကဘဲ စွပ်စွဲလိုတာ လားပေါ့။ JMC – U မှာကတည်းက ကျနော်တို့ လုပ်ပါတယ်ဆိုပြီး စာနဲ့လာဒါ။ ဒါက တရားစီရင်ဆုံးဖြတ်ချက်မချ သေးဘဲ ကျနော်တို့ နာမည်ကို သုံးလို့မရဘူးလေ။ စည်းမျဉ်းစည်းကမ်းအရ” - ဟု ပြောသည်။

လွန်ခဲ့သည့် လပိုင်းက သတ်ဖြတ်ခံရသူသည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်ခရိုင် မိုင်းပြင်း မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်အောင် ဆိုသူဖြစ်သည်ဟုဆိုသည်။

ဦးမြင့်အောင် သတ်ဖြတ်ခံရသည့် နောက်ပိုင်း အစိုးရတပ်မတော် စစ်ကြောင်းများ မိုင်းပြင်းမြို့နယ် အတွင်း အင်အားဖြည့် လှုပ်ရှားမှု ဆက်တိုက်ပြုလုပ်နေကြောင်း၊ အဆိုပါ စစ်ကြောင်းများမှ RCSS/SSA အဖွဲ့ ဝင် နှစ်ဦးအားလည်း ဖမ်းဆီးကြောင်း၊ တရား စီရင်ဆုံးဖြတ်မှု တစုံတရာမရှိဘဲ မိုင်းဆတ်မြို့ အကျဉ်းထောင်၌ ချုပ်နှောင်ထားကြောင်း RCSS က ပြောသည်။

အဆိုပါ ကိစ္စရပ်များပြေလည်စေရန် တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် RCSS/SSA ဗိုလ်ချုပ်ကြီး ယွက်စစ် တို့ဆုံစဉ် အဆိုပါ ကိစ္စရပ်များ ပြောဆိုဆွေးနွေးခဲ့သေး သည်ဟုလည်း သိရသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲေ ရးစာချုပ် NCA လက်မှတ် ရေးထိုးထားသော်လည်း အစိုးရ တပ်မတော် နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများကြောင့် ယခုနှစ်အတွင်း တိုက်ပွဲများ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
ပြည်သူ့စစ်ခေါင်းဆောင်တဦးကို RCSS/SSA သတ်ဖြတ်သည်ဟု JMC – U အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်စွပ်စွဲပြောဆို ပြည်သူ့စစ်ခေါင်းဆောင်တဦးကို RCSS/SSA သတ်ဖြတ်သည်ဟု JMC – U အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်စွပ်စွဲပြောဆို Reviewed by THITHTOOLWIN on 07:20 Rating: 5
Powered by Blogger.