အစိုးရသစ် နှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှု ယုံကြည်မှုတည်ဆောက်ခြင်းဖြစ် RCSS ပြော


စက်တင်ဘာ ၁၂ ရက် ၂၀၁၇

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်တို့ တွေ့ဆုံခြင်း သည် ဒီမိုကရေစီ အစိုးရသစ်နှင့်ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ယုံကြည်မှု တည်ဆောက်ခြင်းအတွက် ဟုလည်းဆိုနိုင်ကြောင်း RCSS ကပြောဆိုသည်။

စက်တင်ဘာ ၁၁ ရက်နေ့ က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ ဒီတွေ့ဆုံမှုဟာ အစိုးရသစ်လက်ထပ်မှာ ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီး ယုံကြည်မှု တည်ဆောက်ကြတယ်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးတဲ့ခါမှာတော့ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးကိုတော့ အဓိကထား ဆွေးနွေးတယ်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာဆိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသမီးတွေ ပါဝင်လာစေချင်တယ်” ဟု (RCSS/SSA) မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းကပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နားလည်မှု နှင့် ယုံကြည်မှု တည်ဆောက်ရေး ၊ တိုင်းရင်းသားနယ်မြေ ဒေသ များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း ၄င်းကပြောသည်။

စက်တင်ဘာ ၁၁ ရက်နေ့က သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ် ၆ ဦးသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော် အစိုးရကိုယ်စားလှယ် အဖွဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် တို့အား တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“တပ်မတော် ဘက်ကတော့ ကျနော်တို့ သွားဆွေးနွေးတာက နှစ်ဘက် နားလည်မှုတွေနဲ့ ပတ်သက်တာတွေ ပြီးတော့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်နေတာတွေ ၊ တပ်မတော်ဘက်က ပြောဆိုလာတာတွေ ရှိတယ် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ရင် ပြည်သူတွေ မထိခိုက်အောင် နှစ်ဘက် အလျှော့အတင်းလေးတွေ ဖြစ်စေချင်တယ် ၊ အလျှော့အတင်းနဲ့ ပတ်က်ပြီး ထိခိုက်မှု မရှိအောင် ကျနော်တို့ဘက်က ပြန်တောင်းဆိုတယ်။ ကျနော်တို့ ဆက်ဆံရေးရုံးနဲ့ မကြာခဏ ဆက်သွယ်ဖို့ ၊ သွားလာလှုပ်ရှားမယ်ဆိုရင်အကြောင်းကြားဖို့ ပြောဆိုဆွေးနွေးတယ်။နောက်ပြီးတော့ တိုက်ပွဲတွေ မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ။ ကျနော်တို့ ဒါတွေ ဆွေးနွေးတယ်”ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း ကပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
အစိုးရသစ် နှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှု ယုံကြည်မှုတည်ဆောက်ခြင်းဖြစ် RCSS ပြော အစိုးရသစ် နှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှု ယုံကြည်မှုတည်ဆောက်ခြင်းဖြစ် RCSS ပြော Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.