ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် RCSS က တပ်သားထပ်မံစုဆောင်းနေ


စက်တင်ဘာ ၆ ရက်၊ မားနဂါး၊ လွိုင်လင်။

ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် ခိုလမ်မြို့နယ်ခွဲနှင့် နမ့်စန်မြို့နယ်တို့တွင် တောင်ပိုင်း ရှမ်းပြည်တပ်မတော် (RCSS/SSA) လက်နက်ကိုင်အဖွဲ့အစည်းက လူသစ်ထပ်မံစုဆောင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။

ခိုလမ်မြို့နယ်ခွဲအတွင်းရှိ ခိုအွတ်အုပ်စုတွင် သြဂုတ်လ ၈ ရက်၌ တပ်သားသစ် ၁ဝ ဦး ပို့ဆောင်ပေးရန် တောင်းခံစာ ပေးပို့လာသည့်အတွက် ကျေးရွာအတွင်း အခက်ခဲကြုံတွေ့နေရပြီး အချို့ရွာတွင် သိန်း ၂ဝ ဖြင့် လူငှားကာ ပေးလိုက် ရသည်ဟု ဒေသခံများက ဆိုသည်။

နမ့်စန်မြို့နယ်တွင် နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက "ခိုလမ်မြို့နယ်ခွဲ ခိုအွတ်အုပ်စုက ၂၄ ရက်နေ့တုန်းက သူတို့လူကို ပို့ရတယ် တချို့ရွာက လူငှားပြီးတော့သွားခိုင်းတယ် တစ်ရွာတစ်ယောက် သွားပေးရတယ်" ဟု ပြောသည်။

နမ့်စန်မြို့နယ် နောင်ဟီးအုပ်စုသည် ခိုလမ်မြို့နယ်ခွဲ ခိုအွတ်အုပ်စုနှင့် နီးကပ်လျှက်ရှိပြီး အဆိုပါဒေသတွင် RCSS လက်နက်ကိုင်တပ်ဖွဲ့က လှုပ်ရှားသည့်နယ်မြေဖြစ်ကြောင်း၊ အလားတူ နမ်စန်မြို့နယ် နောင်ဟီးအုပ်စုတွင်လည်း ယခင် RCSS လက်နက်ကိုင်က သင်တန်းခေါ်ပေးဖူးသည့် ရွာခံများကို စစ်မှုထမ်းဆောင်ရန် တပ်သားအဖြစ် ပြန်လည်ခေါ်ယူ နေသည့်အတွက် မသွားချင်သည့် ရွာခံများလည်းရှိနေကြောင်း သိရသည်။

"ကျနော်တို့အုပ်စုက မပို့သေးဘူး ဘယ်သူမှမသွားချင်ဘူး သူတို့သင်တန်းခေါ်တုန်းက စစ်သားလုပ်ဖို့မဟုတ်ဘူး ရွာ မှာနေဖို့ပဲပြောတယ် အခု သူတို့ သင်တန်းတက်တဲ့လူတွေကို စစ်မှုထမ်းခိုင်းတယ်" ဟု ၎င်းဒေသခံက ဆက်ပြောသည်။

RCSS လက်နက်ကိုင်တပ်ဖွဲ့မှ တောင်ပိုင်းဒေသတွင် တပ်သားသစ်ထပ်မံစုဆောင်းနေခြင်းနှင့် ပတ်သက်၍ RCSS ၏ ဆက်ဆံရေးရုံးသို့ ကြိုးစားဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

RCSS လက်နက်ကိုင်တပ်ဖွဲ့သည် အစိုးရနှင့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက် မှတ်ရေးထိုးထားသည့် လက်နက်ကိုင် ၈ ဖွဲ့ထဲမှ တစ်ဖွဲ့အပါအဝင်ဖြစ်သည်။

Photo- The Marnagar
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် RCSS က တပ်သားထပ်မံစုဆောင်းနေ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် RCSS က တပ်သားထပ်မံစုဆောင်းနေ Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.