ရန်ကုန်၊ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရှိ Diamond 54 စိန်ရွှေ ရတနာဆိုင်တွင်ဆိုင်ဝန်ထမ်းက ဆိုင်ဖွင့်နေစဉ် ကျပ်သိန်း ၈၀တန် စိန်ဆွဲသီးလုယက်ခံရကြောင်း တိုင်တန်းခြင်းမှာ မမှန်မကန်လုပ်ကြံ၍ လီဆယ်တိုင်တန်း ခြင်းသာဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖြစ်စဉ်အမှန် ဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ပန်းဘဲတန်းမြို့နယ်၊ (၇) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ အမှတ် (၄၉၈)တွင် ဖွင့်လှစ်ထားသော Diamond 54 စိန်ရွှေရတနာဆိုင်သို့ ဆိုင်ဝန်ထမ်း ဒေါ်အဲန်သဲ (၃၂) နှစ်မှ ဆိုင်လာရောက်ဖွင့်စဉ် အမျိုးသားတစ်ဦး ဆိုင်အတွင်း ဝင်ရောက်လာပြီး ဒေါ်အဲန်သဲအား ပါးစပ်ကို တိပ်ဖြင့်ပိတ်ပြီး ဦးခေါင်းကိုစားပွဲပေါ်ဆောင့်တွန်း၍ စိန်ထည်ပစ္စည်း (၂၉) မျိုးထည့်ထားသော အမျိုးသမီး ဘေးလွယ်အိတ်အတွင်းမှ တန်ဖိုး ကျပ်သိန်း ၈၀ တန် စိန်နှင့်ပတ္တမြားပါ စိန်ဆွဲသီးတစ်ခုကို လုယူထွက်ပြေးသွားကြောင်း တိုင်တန်းချက်အရ ပန်းဘဲတန်းမြို့မ ရဲစခန်း ( ပ ) ၂၇၆ /၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်
စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်သို့ အသေးစိတ်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာအနီး ဝန်းကျင်တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းများအရလည်းကောင်း၊ ပတ်ဝန်းကျင်ရှိ သက်သေများအား စုံစမ်းစစ်
ဆေးချက် အရလည်းကောင်း အခင်းဖြစ်စဉ်က ပြစ်မှုကျူးလွန်သူများ ဝင်/ထွက်ကြောင်းမတွေ့ရှိရဘဲ လုယက်ခံရကြောင်း တိုင်တန်းသူဒေါ်အဲန်သဲ တစ်ဦးတည်းသာ ဝင်/ထွက်ကြောင်းတွေ့ရသဖြင့် ဆိုင်ပိုင်ရှင်နှင့် ဒေါ်အဲန်သဲတို့အား အသေးစိတ် စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့အသေးစိတ်စစ်ဆေးဖော်ထုတ်ခဲ့ရာ ဖြစ်စဉ်အမှန်မှာ လုယက်ခံရကြောင်း တိုင်တန်းသူ ဒေါ်အဲန်သဲ၏ အစစ်ခံချက်အရ ဖြစ်စဉ်မတိုင်ခင် စက်တင်ဘာလ ၁၂ ရက်နေ့က စိန်ရွှေရတနာဆိုင်တွင် ၄င်းရှိနေစဉ် အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသမီးနှစ်ဦး ရောက်ရှိလာပြီး စိန်နှင့်ပတ္တမြားပါ
ဆွဲသီးနှင့် အခြားစိန်ဆွဲသီးများကို ကြည့်ရှုမေးမြန်းခဲ့ကြောင်း၊ ထိုနေ့က ဆိုင်သို့ ထိုအမျိုးသမီးနှစ်ဦး ၃ ကြိမ်လာရောက်ခဲ့ကြောင်း၊ ထိုနေ့ ၁၆၃၀ အချိန်တွင် အဆိုပါ အမျိုးသမီးနှစ်ဦးထပ်မံ ရောက်လာပြီး ဆိုင်အတွင်းရှိ ငွေကျပ် ၆ သိန်းတန် စိန်ရွှေဆွဲ သီးတစ်ခု ဝယ်မည်ဟုပြောဆိုကာ
စရန်ငွေအဖြစ် ၉၅၀၀၀ ကျပ်ပေးမည်ဖြစ်ကြောင်း၊ နောက်နေ့တွင် ငွေအကျေချေပြီး ပစ္စည်းလာယူမည်ဖြစ်ကြောင်း၊ ၄င်းတို့ကိုင် ဆောင်သော ဖုန်းနံပါတ်များကိုပါ ပေးခဲ့ မည်ဖြစ် ကြောင်းပြောဆိုပြီး ကျပ်သိန်း ၈၀ တန် စိန်နှင့်ပတ္တမြားပါ ဆွဲသီးကိုလည်း ကြည့်ရှုချင်ကြောင်းပြောသဖြင့် ထုတ်ပေးခဲ့ရာ အမျိုးသမီးတစ်ဦးက ၄င်းဆွဲသီးကို ကိုင်ကြည့်ခြင်း၊ ရင်ဘတ်သို့ကပ်ကြည့်ခြင်းပြုလုပ်ပြီး ကျန်အမျိုးသမီးတစ်ဦးက ငွေကျပ် ၆ သိန်းတန် စိန်ဆွဲသီး အတွက် စရန်ငွေ ၉၅၀၀၀ ကျပ်
ပေးသဖြင့် ဒေါ်အဲန်သဲက ငွေကိုရေတွက်နေစဉ် အမျိုးသမီးနှစ်ဦးသည် ၄င်းတို့ကြည့်ရှုနေသော ကျပ်သိန်း ၈၀ တန် စိန်နှင့်ပတ္တမြားပါ ဆွဲသီးကို ပြန်လည်ပေးအပ်ခဲ့ပြီး ဆိုင်အပြင်သို့ ထွက်သွားခဲ့ကြောင်း၊ ၄င်းတို့ထွက်သွားပြီး နောက် ထိုကျပ်သိန်း ၈၀ တန် စိန်နှင့်ပတ္တမြားပါဆွဲသီးကို
ပြန်လည်ကြည့်ရှုစစ်ဆေးရာ ၎င်းဆွဲသီးမှာအစစ် မဟုတ်ဘဲ ပုံစံတူပြုလုပ်ထားသည့် ဆွဲသီးအတု ဖြစ်နေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
ထိုအမျိုးသမီးနှစ်ဦး ကျပ်သိန်း ၈၀ တန် စိန်နှင့်ပတ္တမြားပါဆွဲသီးကို ပုံစံတူ ဆွဲသီးအတုနှင့် လဲလှယ်ကာ လိမ်လည်သွားမှုနှင့်စပ်လျဉ်း၍ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးနိုင်လင်းထွန်းအား အသိမပေးဘဲ ငွေကျပ် ၆ သိန်းတန် စိန်ဆွဲသီးအတွက် စရန်ငွေကျပ် ၉၅၀၀၀ ယူထားသည့် အကြောင်းကိုသာ ပြောဆိုခဲ့ကြောင်း၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဆိုင်ပိတ်ပြီး နေအိမ်သို့ပြန်လာစဉ် အမျိုးသမီးနှစ်ဦး လိမ်လည်သွားသော ဆွဲသီးအတုကို ရွှေဘုံသာလမ်း၊ မြန်မာ့ရှေ့ဆောင်ဘဏ်ရှေ့ရှိ စည်ပင် အမှိုက်ပုံးအတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း၊ စရန်ငွေပေး ထားသော ငွေကျပ် ၆ သိန်းတန်စိန်ဆွဲသီးကို လာမယူသောကြောင့် ဆိုင်ပိုင်ရှင် ဦးနိုင်လင်းထွန်းမှ ၄င်းတို့ပေးခဲ့သော ဖုန်းနံပါတ်များသို့ ဆက်သွယ် ကြည့်ရာတွင်လည်း ဆက်သွယ်၍မရကြောင်း ပြောပြသိရသည်။
ဒေါ်အဲန်သဲသည် အမျိုးသမီးနှစ်ဦး ကျပ်သိန်း ၈၀ တန် စိန်နှင့်ပတ္တမြားပါ ဆွဲသီးကို ပုံစံတူဆွဲသီးအတုနှင့် လိမ်လည်သွားသည့် ကိစ္စကို ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးနိုင်လင်းထွန်း သိလျှင်အပြစ်ပြောဆိုခြင်းခံရမည့် အပြင် ၎င်းပစ္စည်းတန်ဖိုးအား ပြန်လည်ပေးလျော်ရမည်ကိုစိုးရိမ်သဖြင့် လိမ်လည် ခံရသည့်ဖြစ်စဉ်အား အသိမပေးဘဲ လုယက်ခံရကြောင်းပြောဆိုမည်ဟုကြံစည်ကာ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၀၉၀၀ အချိန်ခန့်တွင် Diamond 54 စိန်ရွှေရတနာဆိုင်သို့ ဆိုင်ဖွင့်ရန်ရောက်ရှိလာပြီး ဆိုင်အတွင်းရှိ မှန်ဗီရိုကိုနဖူးဖြင့်ဆောင့်ကာ မိမိကိုယ်မိမိ ဒဏ်ရာရရှိအောင် ပြုလုပ်ခြင်း၊ ပါးစပ်ကို တိပ်အဝါဖြင့်ပတ်ခြင်း၊ ထို့နောက် ပါးစပ်တွင် ပတ်ထားသည့်တိပ်ကို ပြန်လည်ချွတ်ပြီး ဆိုင်အတွင်းထားရှိခဲ့ကြောင်း၊ ပါးစပ်ကို ပတ်သည့် တိပ်ခွေ လက်ကျန်ကို ရွှေဘုံသာလမ်း၊ တိုက် (၆၂/၆၈) မြန်မာ့ရှေ့ဆောင်ဘဏ်အနီးထားရှိသည့် စည်ပင်အမှိုက်ပုံတွင် လွှင့်ပစ်ခဲ့ ကြောင်း ဖြစ်စဉ်အမှန်ကို ဖော်ထုတ်နိုင်ခဲ့သည်။
ပန်းဘဲတန်းမြို့နယ်ရှိ Diamond 54 စိန်ရွှေရတနာဆိုင်တွင် လုယက်ခံရသည်မှာ မှန်ကန်မှုမရှိဘဲ ဆိုင်ဝန်ထမ်း ဒေါ်အဲန်သဲက မမှန်မကန်လုပ်ကြံလီဆယ်တိုင်တန်းခြင်းသာဖြစ်ကြောင်း သက်သေများရှေ့တွင် ၎င်းကိုယ်တိုင် ၀န်ခံထွက်ဆိုခဲ့သဖြင့် ယင်းကဲ့သို့ လုယက်မှုကျူးလွန်ခံရကြောင်း မမှန်မကန်လုပ်ကြံ၍ လီဆယ်တိုင်တန်းသူ ဒေါ်အဲန်သဲကို ဥပဒေနဲ့အညီ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ကျပ်သိန်း ၈၀ တန် စိန်နှင့်ပတ္တမြားပါ ဆွဲသီးအစစ်အား ပုံစံတူပြုလုပ်၍ လဲလှယ်ကာ လိမ်လည်ရယူသွားသူ အမျိုးသမီးနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Yangon Police
https://www.facebook.com/yangonpolice
Diamond 54 စိန်ရွှေ ရတနာဆိုင် စိန်ဆွဲသီးလုယက်ခံရမှု လီဆယ်တိုင်တန်း ခြင်းသာဖြစ်
Reviewed by THITHTOOLWIN
on
07:21
Rating:
